ကျွန်တော် နှင့် ၃မိနစ်စာ ဒီဇိုင်းသမိုင်း
အပိုင်း(၁) – ပထမ စက်မှုတော်လှန်ရေး (၁၇၆၀-၁၈၄၀)
ကျွန်တော်တို့အနေနဲ့ အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ ခန့်မှန်းဖို့ အတွက် အတိတ်မှာ ဘာတွေဖြစ်ခဲ့တယ် ဘာကြောင့်ဖြစ်ခဲ့တယ်ဆိုတာတွေကို သိဖို့လိုပါမယ်။ ဒါကြောင့် ဒီဆောင်းပါးတွဲလေးကို ရေးဖြစ်သွားတာဖြစ်ပြီး ဒီဆောင်ပါးတွဲကနေပြီး ဒီဇိုင်းဆိုတာဘယ်လိုမျိုးဖြစ်လာတယ် ဘယ်လိုအချိန်မှာ ဘယ်လိုမျိုးတွေ ပြောင်းလဲသွားတယ်ဆိုတာတွေကို လေ့လာနိုင်ဖို့ ဖြစ်ပါတယ်။
ကျွန်တော်တို့ ဒီဇိုင်းသမိုင်း နဲ့ အနုပညာသမိုင်း ကို အမျိုးမျိုးပြောကြပေမဲ့ ကျွန်တော်တို့ ဒီနေ့ခေတ် ဒီဇိုင်းအယူအဆတွေ စတင်ပုံဖော်ခဲ့တဲ့ အချိန်ကာလကတော့ ပထမ စက်မှုတော်လှန်ရေးကာလဖြစ်တဲ့ ၁၇၆၀ခုနှစ် နဲ့ ၁၈၄၀ ကြားကာလပိုင်းတွေဘဲဖြစ်ပါတယ်။ ဒီနေရာမှာ အချိန်ကာလကို အနီးစပ်ဆုံး သတ်မှတ်တဲ့ ကွဲပြားမှု အနည်းငယ်ရှိပေမဲ့လည်း ဖြစ်ရပ်နဲ့ ဖြစ်စဉ်တွေကိုသာ အဓိကထားပြီး လေ့လာစေချင်ပါတယ်။
၁၇၁၂ ဆိုတဲ့ ခုနှစ်ကတော့ ကျွန်တော်တို့ ရဲ့ ဒီဇိုင်းလောကကို စတင်ဖို့ ပထမဆုံး ခြေလှမ်းဖြစ်တဲ့ ရေနွေးငွေ့ အင်ဂျင်ကို Thomas Newcomen က စတင်တီထွင်တဲ့ခုနှစ်ဘဲဖြစ်ပါတယ်။ ဒီအရာကဘေဲ ပထမ စက်မှုတော်လှမ်းရေးစတင်ဖို့ အငွေ့အသက် တစ်ခုဖြစ်ခဲ့ပြီး ၁၇၇၆ မှာ Jame Watt ကနေပြီး Newcomen တီထွင်ခဲ့တဲ့ ရေနွေးငွေ့ အင်ဂျင်ကို အဆင့်မြင့်တင်ပြီးချိန်မှာတော့ ပထမစက်မှုတော်လှန်ရေးဟာ အရှိန်အဟုန်နဲ့ အသက်ဝင်လာပါတော့တယ်။ ဒါကြောင့်လည်း အချို့ သူတွေက စက်မှုတော်လှန်ရေးကို ၁၇၆၀ အစား ၁၇၈၀ မှာမှ စက်မှုတော်လှန်ရေး စတယ်ဆိုပြီး သတ်မှတ်ကြတာဖြစ်ပါတယ်။
ဒီတီထွင်မှုရဲ့ ကြီးမားတဲ့ ပြောင်းလဲမှုကတော့ အရင်က ကျွဲ၊ နွားတွေကိုအသုံးပြုပြီး လယ်ယာစိုက်ပျိုးရေးကို အဓိကထားပြီး သက်မွေးဝမ်းကျောင်းပြုခဲ့ပေမဲ့ နောက်ပိုင်းမှာ လူတွေဟာ အသစ်ပေါ်ထွက်လာတဲ့ စက်ရုံဆိုတဲ့ နေရာတွေမှာ ပြောင်းလဲအသက်မွေးဝမ်းကြောင်းပြုလာခဲ့ပါတယ်။ အရင်က လူတော်တော်များများဟာ မြို့ကြီးပြကြီးတွေထက် ရွာငယ်လေးတွေမှာသာ နေထိုင်ကြပေမဲ့ နောက်ပိုင်းမှာ စက်ရုံတွေရှိရာနေရာတွေကို ပြောင်းရွေ့နေထိုင်လာကြပြီး စက်ရုံတွေအနီးတစ်ဝိုက်မှာ မြို့ပြတွေပေါ်ထွက်လာပါတော့တယ်။ အရင်က ထုတ်ကုန်တွေကို တစ်နိုင်တစ်ပိုင်သာထုတ်လုပ်ရောင်းချကြပေမဲ့လည်း ရေးနွေ့ငွေရထားတွေနဲ့ သဘောင်္တွေရဲ့ ကျေးဇူးနဲ့ ပိုမိုကျယ်ပြန်တဲ့ ဈေးကွက်စနစ်တွေ ဖြစ်ပေါ်လာပါတယ်။ ဒါအပြင် တိုးတတ်လာတဲ့ ပုံနိုပ်လုပ်ငန်းကြောင့် သတင်းစာတွေဟာ ယခင်လို လူကုန်ထံတွေအတွက်သာ မဟုတ်ဘဲ လူတိုင်းတတ်နိုင်တဲ့ အရာဖြစ်လာတဲ့အတွက် သတင်းစကားတွေဟာ ပျံနှံဖို့ ပိုမိုလွယ်ကူမြန်ဆန်လာပါတယ်။ ဒါအပြင် စာအုပ်တွေကိုလည်း အမြောက်အများပိုမိုထုတ်လုပ်နိုင်လာတဲ့အတွက် အသိပညာတွေဟာ ပျံနှံလွယ်လာပါတယ်။
– Lithography ပုံနိုပ်နည်း(https://www.khanacademy.org/humanities/special-topics-art-history/creating-conserving/printmaking/v/moma-lithography-process)
– Linotype ပုံနိုပ်စက် (https://www.youtube.com/watch?v=8mFtroOIv3o)
– ဓါတ်ပုံပညာ
စတာတွေကလည်း ဒီခေတ်အပိုင်းအခြားထဲမှာဘဲ ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ဒီအရာတွေကဘဲ သတင်းအချက်အလက်တွေကို ပိုမိုလွယ်ကူ ထိရောက်စွာပျံနှံစေခဲ့ပါတယ်။
ဒီလိုတိုးတတ်လာတဲ့ ပုံနိုပ်လုပ်ငန်းကြောင့်ဘဲ ပုံနိုပ်လုပ်ငန်းနယ်ပယ်မှာ ပြိုင်ဆိုင်မှုတွေပြင်းထန်စေခဲ့သလို သူ့ထက်ငါ ဆန်းသစ်တဲ့ စာလုံးပုံစံတွေကို ရေးဆွဲဖို့ ကြိုးစားကြပါတယ်။ ဒါကြောင့်ဘဲ့ Figgins တီထွင် ခဲ့တဲ့ ပထမဆုံး ရှုထောင့်သုံးခုပါတဲ့ (3 Dimensional) စာလုံးပုံစံနဲ့ William Calson ကစတင်တီထွင်ခဲ့တဲ့ ပထမဆုံး San-serif စာလုံးပုံစံတွေဟာ အဲ့အချိန်ကာလမှာစတင် ပေါ်ထွက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း San-serif စာလုံးပုံစံဟာ အဲ့အချိန်ကာလမှာ မထင်ရှားခဲ့ဘဲ ဒီနေ့ခေတ်ရောက်မှာသာ အသုံးတွင်ကျယ်လာတာဖြစ်ပါတယ်။
ဒါကြောင့်ဘဲ ပထမ စက်မှုတော်လှန်ရေးဟာ သတင်းအချက်အလက် နဲ့ လမ်းပန်းဆက်သွယ်ရေးကိုလွယ်ကူစေခဲ့သလို ဒီနေ့ခေတ်ရဲ့ ဈေးကွက်စီးပွားရေးပုံစံကို စတင်ဖော်ဆောင်ခဲ့တဲ့ ကာလအပိုင်းအခြားလည်းဖြစ်ပါတယ်။ ဒီလိုပြင်းထန်တဲ့ ဈေးကွက်ပြိုင်ဆိုင်မှုတွေနဲ့ လူနေမှုဘ၀ ပုံစံတွေဟာ ဘယ်လိုမျိုး ဒီဇိုင်းလောကကို ဖော်ဆောင်မလဲဆိုတာတွေကိုတော့ နောက်အပိုင်းတွေ မှာ ဆက်လက်ရေးသားပေးသွားပါမယ်ခင်ဗျာ။
အကယ်၍ ဒီဆောင်းပါးက အကျိုးရှိမယ်လို့ထင်ရင်တော့ နောက်လူတွေကို ပြန်လည်ဝေမျှပေးရင်း ကူညီနိုင်ပါတယ်ခင်ဗျာ။