ကျွန်တော် နှင့် ၃မိနစ်စာ ဒီဇိုင်းသမိုင်း
အပိုင်း(၂) – ဗစ်တိုးရီးယန်းခေတ် (၁၈၃၇-၁၉၀၁)

ဗစ်တိုးရီးယန်းခေတ်ကိုတော့ အင်္ဂလန်ဘုရင်မကြီး ဗစ်တိုးရီးယား နန်းတတ်ခဲ့တဲ့ ၁၈၃၇ ခုနှစ်ကနေ ၁၉၀၁ ခုနှစ်ထိကို ဗစ်တိုးရီးယန်းခေတ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကာလဟာ အင်္ဂလန်အင်ပါယာရဲ့ ဘုန်းမီးနေလ တောက်ခဲ့တဲ့အချိန်လည်းဖြစ်ပြီး ကမ္ဘာကြီးရဲ့ ၄ပုံ ၁ပုံ ကို အင်္ဂလန် အင်ပါယာက ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

 

ဗစ်တိုးရီးယား ဘုရင်မကြီး၏ နန်းတတ်နှစ် ၆၀ ပြည့် စိန်ရတု အခမ်းအနား

 

စက်မှုတော်လှန်ရေးက အစပြုလိုက်တဲ့ နေထိုင်မှုပုံစံ နဲ့ ဈေးကွက်စီးပွားရေးပုံစံတွေဟာ ဗစ်တိုးရီးယန်းခေတ်မှာ တော့ ပီပီပြင်ပြင်ရုပ်လုံးပေါ်လာပါပြီ။ ဒါ့အပြင် ကျယ်ပြန့်တဲ့ နယ်နိမိတ်ပိုင်ဆိုင်မှုနဲ့ တိုးတတ်လာတဲ့ နည်းပညာ တွေကြောင့် လူမှုရေး၊ ယဉ်ကျေးမှု နဲ့ ဆန်းသစ်တီထွင်မှုတွေဟာ အရှိန်အဟုန်နဲ့ စတင် စီးဆင်းလာပါတယ်။ ထင်ရှားတဲ့ တီထွင်မှုတွေကတော့ ဘုရင်မကြီး နန်းတတ်တဲ့ နှစ်မှာဘဲ ပထမဆုံး ကြေးနန်းစနစ်ကို စတင်တီထွင်ခဲ့ပြီး၊ ကျွန်တော်တို့ လက်ရှိအသုံးပြုနေတဲ့ တယ်လီဖုန်းတွေရဲ့ ပထမဆုံးမျိုးဆက်ကိုလည်း ဒီခေတ်မှာဘဲ တီထွင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပထမဆုံး လန်ဒန် နဲ့ ဘာမင်ဟန် မြို့ကိုဖောက်လုပ်ထားတဲ့ ခေတ်မှီရထားလမ်းကြောင်းကလည်း ခရီးသွားလာရေးနဲ့ ကုန်စည် စီးဆင်းမှုကို ပိုမိုအားကောင်းစေခဲ့ပါတယ်။

 

ကြေးနန်းမူပိုင်ခွင်ပုံစံ

 

ျွန်တော်တို့ ဂရပ်ဖစ်ဒီဇိုင်း နဲ့ပတ်သတ်တဲ့ ပြောင်းလဲမှုတွေကို ပြောရမယ်ဆိုရင်တော့ Lithography စနစ်ကို အဆင့်မြင့်တင်လိုက်တဲ့ ရောင်စုံပုံနိုပ်နိုင်တဲ့ Chromolithography စနစ်ကို ၁၈၃၈ မှာြ့ပင်သစ်မှာရှိတဲ့ Godefroy Engelmann က မူပိုင်ခွင့်တင်ပြီး အသုံးချခဲ့ပါတယ်။ ဒီစနစ်ကြောင့်ဘဲ မွေးနေ့ဆုတောင်းကဒ်တို့၊ ကျေးဇူးတင်လွှာတို့လို ကဒ်ပုံစံပုံနိုပ်မှုတွေဟာ ပိုမိုတွင်ကျယ်လာပြီး ထုတ်ပိုးမှုပုံစံ ဒီဇိုင်းတွေရေးဆွဲရာမှာလည်း ပြိုင်ဆိုင်မှုတွေများလာပါတယ်။ ဒါ့အပြင် ၁၈၇၅ မှာ အင်္ဂလန်နိုင်ငံသား Robert Barclay က သံပြားတွေပေါ်မှာပါ ပုံနိုပ်နိုင်တဲ့ ပုံနိုပ်နည်းစနစ်ကိုတီထွင်ပြီးချိန်မှာတော့ ပြိုင်ဆိုင်မှုက ပိုမိုပြင်းထန်လာပါတယ်။

 

 

ဗစ်တိုးရီးယန်းခေတ် ဆေးလိပ်သံဘူး ဒီဇိုင်းတစ်ခု

 

 

Chromolitography ကိုတော့ ဒီဇိုင်းတွေပုံနိုပ်အသုံးပြုလျှက်ရှိပြီး ဒီဇိုင်းတစ်ခုထဲအတွက်ကို ကျောက်တုံးအပြား ၄၀ လောက်သုံးပြီးပုံနိုပ်တာတွေတောင်ရှိပါတယ်။ ဒီလိုတိုးတတ်လာတဲ့ ခေတ်ကာလနဲ့အညီဘဲ ကြေငြာပိုစတာ တွေကလည်း အပြိုင်အဆိုင်ထွက်လာကြသလို ပိုက်ဆံရဖို့တစ်ခုထဲဘဲ အလေးပေးပြီး ကြေငြာတဲ့ ကြေငြာတွေလည်း ရှိခဲ့တာကြောင့် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေလည်းရှိခဲ့ပါတယ်။ ဥပမာအားဖြင့် Brain Salt လို့ခေါ်တဲ့ ဆားက သူ့ကိုစားသုံးခြင်းဖြင့် မှတ်ဥာဏ်ပိုကောင်းပြီး ခေါင်းကိုက်ခေါင်းမူးတာတွေကို ပျောက်စေနိုင်တယ်လို့ ကြေငြာသလို စီးကရက်အချို့ကလည်း သူ့ကို သောက်သုံးခြင်းဖြင့် ပန်းနာရင်ကြပ်ရောဂါကိုပါ ပျောက်ကင်းစေနိုင်တယ်ဆိုပြီး ကြေငြာတာတွေလည်း ရှိခဲ့ပါတယ်။

ပန်းနာရင်ကြပ် ပျောက်ကင်းနိုင်သည့်ဟူကြေငြာခဲ့သည့်  ဆေးလိပ်ကြေငြာတစ်ခု

 

 

ဥာဏ်ကောင်းစေသည် ဟုကြေငြာခဲ့သည့် ဆား ကြေငြာ

 

 

ဒီဇိုင်းအယူအဆနဲ့ သွင်ပြင်တွေအကြောင်းပြောရမယ်ဆိုရင်တော့ Typography ကိုအသားပေးတဲ့ ဒီဇိုင်းများပြီး အများစုကတော့ Symmetry လို့ခေါ်တဲ့ ထပ်တူညီ ဟန်ချက်ညီမှုကို အသုံးချတာကို တွေ့နိုင်ပါတယ်။ ဒါ့အပြင် ထုတ်ပိုးမှုဒီဇိုင်းတွေကိုတော့ ကနုတ်လိုမျိုးအလှဆင် ဘောင်ပုံစံတွေကို အနားကွပ်ပြီး ရေးဆွဲကြတာတွေကို အများအပြားတွေ့ နိုင်ပါတယ်။ အဲ့နေ့ခေတ်မှာ Pattern Design တွေကလည်း ခေတ်စားပြီး အများစုကတော့ တရုတ်နဲ့ အာရပ်နိုင်ငံတွေက ဒီဇိုင်းတွေကို မှီငြမ်းတာကိုတွေ့နိုင်ပါတယ်။
ဒါတွေကတော့ ဗစ်တိုးရီးယန်းခေတ်ရဲ့ ဒီဇိုင်းပုံစံအချို့ဘဲဖြစ်ပြီး နောက်ထပ်ခေတ်ရေစီးကြောင်း တွေအကြောင်းကိုလည်းဆက်လက်ရေးသားသွားပါမယ်ခင်ဗျာ။
အကယ်၍ ဒီဆောင်းပါးက အသုံးဝင်တယ်လို့ထင်ရင်တော့ ပြန်လည်မျှဝေပေးရင်း ကူညီနိုင်ပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

Post comment