ကျွန်တော် နှင့် ၃မိနစ်စာ ဒီဇိုင်းသမိုင်း
အပိုင်း(၃) – Art & Craft လှုပ်ရှားမှု (၁၈၆၀-၁၉၃၀)

ဒီလှုပ်ရှားမှုကတော့ စက်မှုတော်လှန်ရေးနဲ့ တိုးတတ်လာတဲ့ နည်းပညာတွေကြောင့် ဖြစ်လာတဲ့ အလုပ်အကိုင်ရှားပါးမှုတွေ၊ အရည်အသွေးနိမ့်ပစ္စည်းတွေ များလာတာတွေ၊၊ အရေအတွက်ကိုသာ ဦးစားပေးပြီး လှပမှုမရှိသောပစ္စည်းများပေါများလာတာတွေ၊ ပိုက်ဆံရယုံဘဲကြည့်တဲ့ ကြေငြာတွေ ကြောင့် ဖြစ်လာတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုကတော့ အင်္ဂလန်နိုင်ငံကနေ စတင်ခဲ့ပြီ်း ဥရောပ နဲ့ အမေရိက ကိုတော့ ၁၈၈၀ ခုနှစ် နဲ့ ၁၉၂၀ ပြည့်နှစ်တွေ အတွင်းမှာ ပျံနှံခဲ့ပါတယ်။ ဒီလှုပ်ရှားမှု ရဲ့ အဓိကဦးတည်ချက်ကတော့ အရည်သွေးနိမ့် စက်ရုံ တွေနဲ့ စက်မှုလုပ်ငန်းတွေကို ဆန့်ကျင်ပြီးတော့ အရည်အသွေးမြင့် လက်မှုပညာ လုပ်ငန်းတွေကို ပြန်လည်ဖော်ဆောင်ဖို့ဘဲဖြစ်ပါတယ်။

 

၁၈၅၁ လန်ဒန်မှာ ကျင်းပခဲ့သော The Great Exhibition ကုန်စည်ပြပွဲ အတွင်းပိုင်းခင်းကျင်းမှုပုံစံ

 

ဒီလှုပ်ရှားမှုကို အားကောင်းစေခဲ့တာကတော့ ၁၈၅၁ မှာ လန်ဒန်မှာ ကျင်းပခဲ့တဲ့ ကုန်စည်ပြပွဲမှာပြသခဲ့တဲ့ အလွန်အမင်း အလှဆင်ထားတဲ့ ပစ္စည်းတွေ၊ အရည်အသွေး မပြည့်မှီတဲ့ ပစ္စည်းတွေ၊ အသုံးပြုတဲ့ ပါဝင်ပစ္စည်းတွေကို သေချာမရွေးချယ်တာတွေကို တွေ့ပြီးနောက် ဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုကိုတော့ Gothic Revival Architecture လှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ A. W. W. Pugin ကကြိုတင်ခန့်မှန်းခဲ့ပြီး အနုပညာ ဝေဖန်ရေးသမားဖြစ်တဲ့ John Ruskin ရဲ့ လူမှုရေး ဝေဖန်ရေးတွေကလည်း လွှမ်းမိုးမှုတော်တော်များများပါဝင်ပါတယ်။ John Ruskin ရဲ့ အယူအဆကတော့ စက်မှုတော်လှန်ရေးကြောင့် ဖြစ်လာတဲ့ စက်မှုအသုံးပြု အလုပ်သမားအဖွဲ့အစည်းတွေဟာ “ဖော်လန်ဖားတတ်တဲ့ အလုပ်သမား”တွေကိုသာမွေးထုတ်ပေးပြီး ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားရှိတဲ့ အလုပ်သမားတွေဟာ သူတို့ လုပ်တဲ့ပစ္စည်းတွေကို သူတို့ ကိုယ်တိုင် ဒီဇိုင်းဆွဲတယ်ဆိုပြီး ယုံကြည်သူတစ်ယောက်ဖြစ်ပါတယ်။

 

John Ruskin ရေးသားခဲ့သော The Nature of Gothic အား William Morris မှပြန်လည်ပုံနိုပ်ထားသော Art & Craft လက်ရာတစ်ခု

 

 

ဒီလိုနဲ့ ၁၈၆၁ မှာ William Morris က ဦးဆောင်ပြီး Morris, Marshall, Faulkner & Company ဆိုတဲ့ ကုမ္ပဏီကို တည်ထောင်ပြီးနောက် Art & Craft လှုပ်ရှားမှုဟာ လုံးဝစတင်အသက်ဝင်လာပါတော့တယ်။ ဒါကြောင့် လည်း William Morris ကို Art & Craft ရဲ့ ဦးဆောင်သူအဖြစ်သတ်မှတ်ကြပါတယ်။ Morris ကုမ္ပဏီကနေအဓိက ထုတ်လုပ်တဲ့ အပိုင်းတွေကတော့ ပရိဘောဂတွေ၊ ရက်ကန်းတွေ၊ ဆေးဆိုးပန်းရိုက်တွေ၊ မှန်ဒီဇိုင်းထုတ်လုပ်သူတွေ၊ အိုးပြုလုပ်သူတွေ နဲ့ ကြွေပြားပြုလုပ်သူတွေဘဲဖြစ်ပါတယ်။

 

William Morris ၏ လက်ရာတစ်ခု

 

Morris ကုမ္ပဏီအပြင် လူသိများတဲ့နောက်ထပ်အဖွဲ့အစည်းကတော့ ၁၈၈၂ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ Century Guild အဖွဲ့ဘဲဖြစ်ပြီးတော့ အိုးလုပ်သူ၊ ပန်းပုထုသူ၊ ဒီဇိုင်နာ၊ ဗိသုကာ၊ သတ္တုထည်အလုပ်သမားများ၊ မှန်အရောင်သွင်းသူ စသဖြင့်ပါဝင်ပြီး ပရိဘောဂ၊ အထည်၊ နံရံကပ်စက္ကူ၊ သတ္တူပစ္စည်းတွေနဲ့ ကြွေထည်ပစ္စည်းတွေကို ထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း သူတို့လက်ရာတွေကို Art & Crft ရဲ့နောက်ထပ် မျိုးဆက်ဖြစ်တဲ့ Art Nouveau လှုပ်ရှားမှုမှာ လူပိုသိများခဲ့ပါတယ်။

 

Dante Gabriel Rossetti ၏ Art & Craft လက်ရာတစ်ခု

 

Art & Craft ရဲ့လှုပ်ရှားမှုရဲ့ သွင်ပြင် အနေအထားတွေကို လေ့လာကြည့်မယ်ဆိုရင်တော့ အသေးစိတ်အလှဆင်ထားတဲ့ လက်မှုပညာဆိုင်ရာ လက်ရာတွေကို မြင်ရမှာ ဖြစ်ပြီး အများစုကတော့ ပန်းခက်ပန်းနွယ်တွေ၊ ကနုတ်လက်တွေ အများအပြား နဲ့ ဖွဲစည်းထားတာကိုတွေ့ နိုင်ပါတယ်။

Morris & Co. ၏ လက်ရာတစ်ခု

 

အချိန်ကာလအားဖြင့် ၁၈၆၀ ကနေ ၁၈၆၅ ဟာ အမေရိကန်မှာ ကျွန်စနစ်ကို အဓိကအကြောင်းပြုပြီး ပြည်တွင်းစစ်ဖြစ်နေတဲ့ အချိန်ဖြစ်သလို ၁၉၇၀ ပြည့်နှစ်ဟာလည်း လျှပ်စစ်အသုံးပြုတဲ့ စက်ခါးပတ်တွေကို အသုံးပြုပြီး ကုန်ပစ္စည်းအလုံးအရင်းနဲ့ ထုတ်လုပ်နိုင်တဲ့စနစ်ကြောင့် ဒုတိယစက်မှုတော်လှန်ရေးစတင်ဖြစ်ပွားနေတဲ့ ကာလလည်းဖြစ်တာကြောင့် ကုန်ပစ္စည်း အရည်သွေး၊ အလုပ်သမားအခွင့်အလမ်းနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေကလည်း Art & Craft Movement ကို ပိုမိုအားကောင်းစေခဲ့ပါတယ်။

ဒီလှုပ်ရှားမှုကို လေ့လာမယ်ဆိုရင်တော့ စက်မှုနဲ့ လက်မှုရဲ့ အားပြိုင်မှုတွေကို တွေ့နိုင်သလို လက်မှုပညာဆိုင်ရာ အနုစိတ်လက်ရာတွေကို ပါလေ့လာနိုင်မှာဖြစ်ပါတယ်။

ဒါကတော့ Art & Craft လှုပ်ရှားမှုနဲ့ အဲ့ခေတ်ရဲ့ စီးပွားရေး၊ လူမှုရေး နဲ့ နိုင်ငံရေးဆိုင်ရာ အကြောင်းအရာဖြစ်ပြီး နောက်အပိုင်းတွေမှာလည်း နောက်ထပ် လှုပ်ရှားမှုတွေ အကြောင်းကို ဆက်လက်ရေးသားပေးသွားပါမယ်ခင်ဗျာ။

အကယ်၍ ဒီဆောင်းပါးကနေ တစ်ခုခု လေ့လာနိုင်ခဲ့မယ်ဆိုရင် အခြားသူတွေကိုလည်း ပြန်လည်မျှဝေခြင်းဖြင့် ကူညီနိုင်ပါတယ်ခင်ဗျာ။

အားလုံး မင်္ဂလာရှိတဲ့ နေ့ရက်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Post comment