ကျွန်တော် နှင့် ၃မိနစ်စာ ဒီဇိုင်းသမိုင်း
အပိုင်း(၄) – Art Nouveau ဟန်ပန် (၁၈၉၀-၁၉၁၀)

ဒီဟန်ပန်ကတော့ အနုပညာ နဲ့ ဒီဇိုင်းလောကအတွက် တော်တော့် ကို စိတ်လှုပ်ရှားဖို့ ကောင်းစေခဲ့တဲ့ ဟန်ပန်ပါ။ ပြီးခဲ့တဲ့ အပိုင်း Art & Craft လှုပ်ရှားမှုရဲ့ အသီးအပွင့်တွေ ပွင့်ဖူးလာတဲ့ အချိန်ဖြစ်သလို တိုးတတ်လာတဲ့ ပုံနိုပ်စနစ်တွေကြောင့် ပျံ့ နှံမှုကလည်း ပိုမိုမြန်ဆန်လာပြီး နိုင်ငံအနှံအပြား မှာ နာမည်အသီးသီးနဲ့ အောင်မြင်ခဲ့တဲ့ ဟန်ပန်တစ်ခုလည်းဖြစ်ပါတယ်။ ဘာဖြစ်လို့ ဒီဟန်ပန်က ဒီဇိုင်းလောကအတွက် စိတ်လှုပ်ရှားစေလဲ ဆိုရင်တော့ ဒီဟန်ပန်ဟာ Fine Art လို့ခေါ်တဲ့ ခံစားမှု အနုပညာ နဲ့ Applied Art လို့ခေါ်တဲ့ အသုံးချ အနုပညာ ကို ပေါင်းစပ်ဖို့ ကြိုးစားခဲ့တဲ့ ပထမဆုံး  Graphic Art ဟန်ပန်တစ်ခုဖြစ်လို့ ဖြစ်ပါတယ်။

 

Art Nouveau ပိုစတာတစ်ခု

 

 

Art Nouveau အခန်းတွင်း ပြင်ဆင်မှုတစ်ခု

 

 

ဒီလှုပ်ရှားမှုကတော့ အင်္ဂလန်မှာ အစပြုခဲ့တဲ့ Art & Craft လှုပ်ရှားမှုကို အခြေခံပြီိး ပြင်သစ်ကနေ ဥရောပ၊ ဥရောပကနေ တစ်ကမ္ဘာလုံးကို ပျံ့နှံခဲ့တဲ့ ဒီဇိုင်းပုံစံ တစ်ခုဖြစ်ပါတယ်။ Art Nouveau ဆိုတဲ့နာမည်ကတော့ Maison del’Art Nouveau(အနုပညာအသစ်၏ စံအိမ်) လို့ခေါ်တဲ့ ပြင်သစ်မှာရှိတဲ့ ပန်းချီပြခန်းရဲ့ နာမည်ကနေယူထားတာဖြစ်ပြီး အဓိပ္ပါယ်ကတော့ “အနုပညာအသစ်” ဆိုပြီး အဓိပ္ပါယ်ရပါတယ်။) ပြင်သစ်ပြည်မှာတော့ တစ်ခါတစ်လေမှာ “Modern Style” (ခေတ်သစ်ဟန်ပန်) ဆိုပြီး ခေါ်လေ့ရှိပါတယ်။

 

ဘာစီလိုနာရှိ Art Nouveau လက်ရာ အဆောက်အအုံတစ်ခု

 

 

ပြင်သစ်ရှိလက်ရာတစ်ခု

 

Art Nouveau ကတော့ အဓိကအားဖြင့် ဗိသုကာနဲ့ အလှဆင်လုပ်ငန်းတွေမှာ အဓိက လွှမ်းမိုးမှုရှိခဲ့ပြီး ပန်းချီ၊ ကြွေထည်၊ လက်ဝက်ရတနာ၊ ဒီဇိုင်း နဲ့ ပရိဘောက လုပ်ငန်းတွေပေါ်လည်း သက်ရောက်မှုရှိခဲ့ပါတယ်။ ကမ္ဘာအနှံကို ပျံ့ နှံခဲ့တာဖြစ်ပြီး သူ့အရပ်ဒေသ အလိုက်သက်ဆိုင်ရာ အခေါ်အဝေါ်တွေရှိခဲ့သလို ယဉ်ကျေးမှုနဲ့ အတွေးအခေါ်ပေါ်မူတည်ပြီးလည်း သွင်ပြင်ပြောင်းလဲမှု အနည်းငယ်လည်းရှိပါတယ်။
ဒီဟန်ပန်နဲ့ ပတ်သတ်ပြီး နောက်ထပ်အရေးပါတဲ့ လွှမ်းမိုးမှုကတော့ Japonism လို့ခေါ်တဲ့ ဥရောပကိုလွှမ်းမိုးခဲ့ တဲ့ ဂျပန်တွေရဲ့ Edo ခေတ်နှောင်းပိုင်း ရဲ့လက်ရာတွေဘဲဖြစ်ပါတယ်။ ဂျပန်တွေဟာ အဲ့အချိန်က ဒတ်ခ်ျနိုင်ငံ တစ်ခုထဲနဲ့ သာ ပို့ကုန်သွင်းကုန်လုပ်ခဲ့ ပေမဲ့လည်း အဲ့ဆက်သွယ်မှုတစ်ခုကနေဘဲ သူ့တိုရဲ့ ယဉ်ကျေးမှုက ၁၈၇၀ပြည့်နှစ်တွေမှာ ဥရောပကို စတင်ပျံနှံခဲ့တာဖြစ်ပါတယ်။ Edo ခေတ်နှောင်းပိုင်းရဲ့ လက်ရာဆိုရင် နည်းနည်း စိမ်းသလိုလို ဖြစ်နိုင်ပေမဲ့ “Great Wave”(မဟာလှိုင်းလုံး) လို့ ခေါ်တတ်တဲ့ Hokusai ရဲ့ The Great Wave off Kanagawa ကိုတော့ အနုပညာနဲ့ မစိမ်းသူတော်တော်များများ သိကြမှာပါ။ ဒီလိုဆိုရင်တော့ ဂျပန်တွေရဲ့ Art Nouveau ပေါ် ဘယ်လိုမျိုးတွေ လွှမ်းမိုးမှုတွေရှိခဲ့တဲ့ ဆိုတာကို မှန်းဆ နိုင်မှာပါ။

 

Hokusai ရဲ့ The Great Wave off Kanagawa

 

 

Art Nouveau ရဲ့ဟန်ပန်ကို ကြည့်မယ်ဆိုရင်တော့ ChromoLithography ပုံနိုပ်ဟန်ကို အသုံးပြုထားတဲ့ ရောင်စုံပိုစတာတွေ၊ ဂျီသြမေတြီမဆန်တဲ့ သဘာဝပုံသဏ္ဍာန်တွေ၊ ပန်းခက် ပန်းလက်နဲ့ကနုတ်လက်ရာတွေ၊ နဲ့ မိန်းမလှပုံတွေကို အသုံးပြုကြတာကို တွေ့နိုင်ပါတယ်။ မိန်းမလှပုံတွေကို သုံးရတဲ့ ရည်ရွယ်ချက်ကတော့ အဲ့နေ့ခေတ်မှာ ရောင်စုံ ပိုစတာနဲ့ ကြေငြာတဲ့လုပ်ငန်းက အရမ်းခေတ်စားနေတဲ့အပြင် ကြေငြာအများစုက စီးကရက်တို့၊ အရက်ဆိုင်တို့၊ ညကလပ်တို့၊ ခေတ်ပေါ်နည်းပညာတို့ လို ယောကျာ်းလေးတွေနဲ့ ပတ်သတ်တာတွေများ တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

 

Art Nouveau ခေတ် စီးကရက် ကြေငြာတစ်ခု

 

 

Art Nouveau ခေတ် အရက် ကြေငြာတစ်ခု

 

 

၁၉၁၀ နောက်ပိုင်းမှာတော့ Art Nouveau ဟန်ပန်ဟာ Art Deco နဲ့ Mondernism စတဲ့ လှုပ်ရှားမှုတွေရဲ့ လွှမ်းမိုးမှုတွေကြောင့် မှေးမှိန်သွားပါတယ်။
ဒါတွေကတော့ Art Nouveau ဟန်ပန်နဲ့ ပတ်သတ်တဲ့ အချက်တစ်ချို့ ဘဲဖြစ်ပြီး နောက်ထပ်အပိုင်းကို လည်းဆက်လက်ရေးသားပေးသွားပါမယ် ခင်ဗျာ။
အားလုံး တန်ဖိုးရှိတဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *

Post comment