ကျွန်တော် နှင့် ၃မိနစ်စာ ဒီဇိုင်းသမိုင်း
အပိုင်း(၅) – Futurism လှုပ်ရှားမှု(၁၉၀၉-၁၉၁၆)

ဒီလှုပ်ရှားမှုကတော့ ဒီဘက်ခေတ်ဒီဇိုင်းလောကကို ပုံဖော်ပေးမဲ့ Avant-garde လှုပ်ရှားမှုတွေထဲက အစောဆုံး လှုပ်ရှားမှုတစ်ခုပါ။ Avant-garde ဆိုတာကတော့ ပြင်သစ်လိုဆိုရင် ရှေ့ပြေးတပ်(Vanguard) ဆိုပြီးအဓိပ္ပါယ်ရပြီး ပုံမှန် အနုပညာ၊ ယဉ်ကျေးမှု နဲ့ နေထိုင်မှုတွေကို ဖောက်ထွက်ဖို့ လုပ်တဲ့လှုပ်ရှားမှုကိုခေါ်တာပါ။ Futurism, Dada, Constructivism, De Stijil နဲ့ Bauhaus လှုပ်ရှားမှုတွေကတော့ ၂၀ရာစုအတွင်းမှာဖြစ်ခဲ့တဲ့ Avant-garde လှုပ်ရှားမှုတွေဖြစ်ပါတယ်။

 

Futurism လှုပ်ရှားမှုကိုစတင်စေခဲ့သူကတော့ အီတလီမှာရှိတဲ့ ကဗျာဆရာ Filippo Marinetti ဖြစ်ပါတယ်။ ၁၉၀၉ ခုနှစ် မှာသူရေးခဲ့တဲ့ Futurism ကြေငြာချက်ဆိုတဲ့ ဆောင်းပါးကနေ ဒီလှုပ်ရှားမှုဟာ အစပြုခဲ့တာဖြစ်ပါတယ်။ Futurism ကိုတတ်ကြွပါဝင်သူတွေကတော့ သစ်လွင်မှု၊ ခေတ်ပေါ် နည်းပညာ၊ အကြမ်းဖက်မှု၊ မော်တော်ယဉ်၊ လေယာဉ်ပျံ ၊ စက်မှုမြို့တော် စတာတွေနဲ့ ပတ်သတ်ပြီး ဂုဏ်ယူဝင့်ကြွားသူတွေပါ။ ဒါအပြင်သူတို့တွေဟာ အမျိုးသားရေးမှာ တတ်ကြွလှုပ်ရှားသူတွေဖြစ်ပြီး Futurism ကြေငြာချက်ထဲမှာပါတဲ့ “ဂုဏ်သိက္ခာကြီးမားတဲ့ စစ်ပွဲတစ်ခုဟာ ကမ္ဘာကြီးကိုကုသဖို့ တစ်ခုထဲသော ဆေးနည်းဘဲ”ဆိုတာဟာ စစ်ကိုလှုံဆော်တဲ့သဘောမျိုးဖြစ်တဲ့အတွက်ကြောင့် ပြည်သူအချို့ကို ထိတ်လန့်စေခဲ့ပါတယ်။

 

အကြမ်းဖက်မှုကို ဖော်ကျူးနေသည့် လက်ရာတစ်ခု

 

ဒီ Futurism လှုပ်ရှားမှုရဲ့ သဘောတရားအခြေခံက အမှတ်တမဲ့ဆို Thanos နဲ့တောင်ခပ်ဆင်ဆင်တူပါတယ်။ ဘာလို့လဲဆိုရင်တော့ Futuristတွေဟာ ရှိပြီးသားအနုပညာတွေဟာ အဆင့်မမှီတဲ့အတွက် အားလုံးကို ဖျက်ဆီးပြီးမှ အသစ်ပြန်လည် ရေးဆွဲလိုကြတဲ့အတွက်ပါ။

ဒါကြောင့် လည်း Futurism လှုပ်ရှားမှုကို ဖက်ဆစ်အားပေးတဲ့ လှုပ်ရှားမှုလို့လူသိများပြီး မူဆိုလီနီရဲ့ အားပေးမှုကလည်း နောက်ပိုင်းမှာ ဒီလှုပ်ရှားမှုအတွက် အမည်းစက်တစ်ခုဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင် ဒီလှုပ်ရှားမှုဟာ ဖက်ဆစ်စနစ်ထွန်းကားခဲ့တဲ့ အီတလီမှာအစပြုပြီး အမေရိကန်၊ ဂျပန်နဲ့ ဂျာမဏီနိုင်ငံတွေမှာ ပိုပြီးထွန်းကားခဲ့တာကိုလည်းတွေ့နိုင်ပါတယ်။

 

Futurism လက်ရာတစ်ခု

 

ဒီဇိုင်းနဲ့ပတ်သတ်တဲ့ ပြောင်းလဲမှုအနေနဲ့ကတော့ Futurist တွေဟာစာလုံးတွေကို ပုံမှန် ဘယ်ကနေ ညာကို ရေးသားတာမျိုးထက် စိတ်ခံစားမှုကို ဦးစားပေးတဲ့ ရေးသားနည်းကို နှစ်သက်ကြတဲ့အတွက် Futurism ကို Expressive Typography ရဲ့အစလို့တောင် ပြောနိုင်ပါတယ်။ ဒါ့အပြင် Futurism ရဲ့ လက်ရာတွေဟာ လှုပ်ရှားမှု (သို့) အသက်ဝင်မှုတွေကို အသားပေးပုံဖော်ကြတာများပြီး နောက်ပိုင်းမှာ Cubism ရဲ့လွှမ်းမိုးမှုအချို့ကိုလည်းတွေ့နိုင်ပါတယ်။

 

Futurism Expressive Typography လက်ရာတစ်ခု

 

Futurism Expressive Typography လက်ရာတစ်ခု

 

၁၉၁၄မှာတော့ ပထမကမ္ဘာစစ်စတင်ဖြစ်ခဲ့ ပြီး စစ်ရဲ့ ရိုက်ခေတ်မှုကြောင့်ဘဲ Futurism လှုပ်ရှားမှုဟာ ၁၉၁၆ နောက်ပိုင်းမှာမှေးမိုန်သွားခဲ့ပြီး စစ်ပြီးခေတ်မှာ Futurism ဒုတိယမျိုးဆက်ထွက်ပေါ်လာခဲ့ပေမဲ့လည်း ထင်သလောက်တတ်ကြွမှုမရှိကြတော့ပါဘူး။ ဒါတွေကတော့ Futurism နဲ့ပတ်သတ်တဲ့ သမိုင်းအချက်အလက်တစ်ချို့ ဘဲဖြစ်ပြီး ဒီဆောင်းပါးမှာဆိုရင်တော့ နိုင်ငံရေး၊ လူမှုရေးနဲ့ ခေတ်ရေစီးကြောင်းတွေရဲ့ အပြန်အလှန်မှီခိုပုံတွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။

အကယ်၍ ကျွန်တော်ရေးတဲ့ဆောင်းပါးတွေက အခြားလူတွေအတွက်လည်း အသုံးဝင်မယ်လို့ထင်ရင် ပြန်လည်မျှဝေပေးခြင်းဖြင့် ကူညီနိုင်ပါတယ် ခင်ဗျာ။

1 Comment

Leave a Reply

Your email address will not be published. Required fields are marked *

Post comment