ဒီဇိုင်းစက်ဝန်း (သို့) Trinity Of Design

ကျွန်တော်ဒီနှစ်ထဲမှာ အလုပ်ကိစ္စလေးတွေကြောင့် ဆောင်းပါးတွေ သိပ်မရေးဖြစ်ပေမဲ့ တစ်ချို့ ဒီဇိုင်းဂရုတွေထဲမှာတော့ စိတ်ဝင်စားစရာလေးတွေတွေ့ရင် ဝင်ပြီးဆွေးနွေးဖြစ်ပါတယ်။ အဲ့နေရာမှာ တစ်ချို့မေးတာက ဘယ်ဟာကို Art Work လို့ပြောပြီး ဘယ်ဟာကို ဒီဇိုင်းလို့ခေါ်ရမလဲဆိုတာတွေ၊ Motion Design ဆိုတာဘာလဲဆိုတာတွေ၊ UX နဲ့ Graphic Design ကဘာတွေကွဲလဲ စသဖြင့်မေးတာလေးတွေတွေ့ရပါတယ်။ အဲ့ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ ဒီဇိုင်းဆိုတဲ့ စကားလုံးနဲ့ ထိဆက်နေတဲ့ သူတိုင်းအတွက် ဒီဇိုင်းရဲ့အလုပ်လုပ်ပုံကို ပိုပြီးနားလည်နိုင်မဲ့ အယူအဆလေးတစ်ခုကို ပြောပြပေးသွားမှာပါ။

 

ဒီဇိုင်းဆိုတာ…

Design ကို မြန်မာလို အတိအကျဘာသာပြန်မယ်ဆိုရင်တော့ “စနစ်တကျ စဉ်းစားအဖြေရှာမှု” လို့ပြန်နိုင်ပါတယ်။ အဲ့ဒီ Design ဆိုတဲ့ စကားလုံးကို Graphic ဆိုတဲ့ အရာနဲ့ပေါင်းမယ်ဆိုရင် “စာတွေ၊ရုပ်ပုံတွေကို အသုံးပြုပြီး စနစ်တကျစဉ်းစား အဖြေရှာတဲ့ဘာသာရပ်” Lighting နဲ့ပေါင်းမယ်ဆို “အလင်းအထားအသို အသုံးပြုပုံတွေကို စနစ်တကျ စဉ်းစားအဖြေရှာတဲ့ ဘာသာရပ်” စသဖြင့် သူနဲ့ပေါင်းတဲ့ စာလုံးပေါ်မှာမူတည်ပြီး သက်ဆိုင်ရာ အဓိပ္ပာယ်တွေ ကွဲလွဲသွားပါတယ်။

 

ဒီဇိုင်းစက်ဝန်း (သို့) Trinity Of Design

ဒီဇိုင်းဆိုတဲ့ စကားလုံးက သက်ဆိုင်ရာ နယ်ပယ်တွေအလိုက် အဓိပ္ပာယ်တွေကွဲသွားပေမဲ့ ဘယ်တော့ဘဲဖြစ်ဖြစ် အမြဲတူနေတဲ့ အရာတစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ ဒီဇိုင်းစက်ဝန်းလို့ခေါ်တဲ့ ဒီဇိုင်းရဲ့ အလုပ်လုပ်ပုံ ဖြစ်ပြီး သူ့ကို အပိုင်း ၃ ပိုင်းနဲ့ဖွဲ့စည်းထားပါတယ်။ အဲ့ဒါတွေကတော့ လက်တွေ့အသုံးဝင်မှု(Functional)၊ စိတ်ပိုင်းဆိုင်ရာခံစားမှု(Emotional)၊ စိတ်ပိုင်းဆိုင်ရာလှုံဆော်မှု(Spiritual) ဆိုပြီးဘဲဖြစ်ပါတယ်။

လက်တွေ့ အသုံးဝင်မှု ( Functional )

လက်တွေ့အသုံးဝင်မှုလို့ဆိုတဲ့ အမည်အတိုင်းဘဲ အပြင်လောကမှာ လက်တွေ့အသုံးချရတဲ့ ပစ္စည်းတွေ ထုတ်ကုန်တွေကို ဖန်တီးတဲ့ Industrial Design, Interior Design, Web Design, Application Design, Product Design, Environmental Design စတဲ့ ဘာသာရပ်တွေမှာ အဓိကထားပြီး အသုံးပြုကြပါတယ်။ ဒီအပိုင်းကတော့ ဒီဇိုင်းတစ်ခုရဲ့ ပင်မဒေါက်တိုင်ဖြစ်ပြီး ခံစားမှုပေါ်မှာအခြေမခံဘဲ အသိစိတ်၊ ဉာဏ်ပညာ၊ အတွေ့အကြုံတွေပေါ်မှာအခြေခံပါတယ်။ ဥပမာ “ဟာဒါလေးက လှတော့လှတယ် ဒါပေမဲ့ ပလတ်စတစ်နဲ့ လုပ်ထားတာ တာရှည်ခံမှာမဟုတ်ဘူး” ဆိုတာမျိုးဖြစ်ပါတယ်။ လူတွေဟာလက်တွေအသုံးဝင်မှုဆိုတဲ့အပိုင်းကိုတော့ သူတို့ကိုယ်တိုင်ထိတွေ့အသုံးချရတဲ့ အပိုင်းတွေမှာ ပိုမို ထည့်သွင်းစဉ်းစားကြပါတယ်။ ဒါပေမဲ့လည်း အမြင်ပိုင်းရာ ဆက်သွယ်မှုလို့ခေါ်တဲ့ Visual Communication ထဲက ဘာသာရပ်တစ်ခုဖြစ်တဲ့ Graphic Design မှာလည်း အလင်းအမှောင်ကွာခြားမှု (Value Contrast), အမြင်ပိုင်းဆိုင်ရာ တင်ဆက်ပြသမှု (Composition), အခြေခံတည်ဆောက်မှု(Grid System), အလွယ်တကူဖတ်ရှုနိုင်မှု (Readability), ခွဲခြားဖတ်ရှုနိုင်မှု (Legibility) စတာတွေကလည်း Graphic Design ရဲ့ လက်တွေ့အသုံးဝင်မှု အပိုင်းတွေဘဲဖြစ်ပါတယ်။ ဥပမာ -ဒီဇိုင်းရဲ့ ခေါင်းစဉ်စာလုံးတွေမှာ စာကြောင်းအကွာအဝေး( Leading) လျော့တာတွေ၊ဒီဇိုင်းရဲ့ Composition အဆုံးသတ် နေရာတွေမှာ CTA(Call To Action) လို့ခေါ်တဲ့ ဖုန်းတို့ လိပ်စာတို့စသဖြင့် ဆက်လုပ်ရမဲ့ လုပ်ငန်းစဉ်ထည့်တာတွေဖြစ်ပါတယ်။

Sign Up လုပ်ရန်တွန်းအားပေးသော CTA ခလုတ်တစ်ခု

စိတ်ပိုင်းဆိုင်ရာခံစားမှု ( Emotional )

ဒီအပိုင်းကတော့ ဒီဇိုင်းတစ်ခုရဲ့ ခံစားမှုအပိုင်းဖြစ်ပြီးတော့ Musical Sound Design ဆိုရင်တော့ နားထောင်ကောင်းတာ၊ Graphic Design ဆိုရင်တော့ ကြည့်လိုလှတာ စသဖြင့် အာရုံငါးပါးထဲက သက်ဆိုင်ရာနယ်ပယ်အလိုက် သက်ဆိုင်ရာအာရုံတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကြည့်နူးမှုပေါ်အခြေခံပြီး စဉ်းစားတဲ့အပိုင်းဖြစ်ပါတယ်။ဂျပန်နိုင်ငံက ဒီဇိုင်နာအချို့ကတော့ “မသိစိတ်” ကိုပါထည့်သွင်းပြီး အာရုံခြောက်ပါးပေါ် မူတည်ပြီး စဉ်းစားပါတယ်၊ ဒါကြောင့်လည်း သူတို့ ပစ္စည်းတွေက တစ်ခါတစ်လေ အဆန်းကြီးတွေဖြစ်နေတာပါ။

YASUHIRO SUZUKI YASUHIRO SUZUKI ရဲ့ဂေါ်ဖီထုတ်ပုံစံ ပန်းကန်လုံး

ဒီအပိုင်းကတော့ Functional အပိုင်းပြီးရင် ဆက်လက်လုပ်ဆောင်တဲ့အပိုင်းဖြစ်ပြီး ဒီဇိုင်းတစ်ခုရဲ့ အဆုံးသတ်အပိုင်းဖြစ်ကာ ကြည့်ရှုသူတွေ အသုံးချသူတွေကို ဆွဲဆောင်တဲ့အပိုင်းဘဲဖြစ်ပါတယ်။ ဒါကြောင့် Graphic Design မှာဆိုရင်တော့ ပုံရိပ်တည်ဆောက်တဲ့ဒီဇိုင်းတွေ( Branding Design )မှာ သိပ်အဓိကမထားပေမဲ့ အရောင်းမြှင့်တင်ရေးဒီဇိုင်းတွေ( Sell & Marketing Design, Social Media Design ) တွေမှာတော့ အသားပေးစဉ်းစားကြပါတယ်။ ဒါပေမဲ့ Functional ပိုင်းကိုအခြေမခံဘဲ ဒီအဆင့်ကို လုပ်မယ်ဆိုရင်တော့ ဒီဇိုင်းဆွဲရတာကြာတာတွေ၊ ဒီဇိုင်းကလှတော့လှတယ် ဒါပေမဲ့ ဘာလိုမှန်းမသိတာတွေ၊ ဒီဇိုင်းက လှပေမဲ့ Client လိုအပ်ချက်နဲ့ မကိုက်ညီလို့ ခဏခဏ ပြင်ရတာတွေဖြစ်နိုင်ပါတယ်။

အမြင်ဆန်းသော်လည်း Readability နှင့် Legibility အားနည်းသော ပိုစတာတစ်ခု

ဒါ့အပြင်ဒီအဆင့်ကိုစဉ်းစားတဲ့အခါမှာ သတိထားရမှာတစ်ခုကတော့ ကိုယ့်ပြည်တွင်းအတွက်ဆွဲတဲ့ ဒီဇိုင်းဆိုရင် ကိစ္စသိပ်မရှိပေမဲ့ နိုင်ငံတကာအတွက်ဆွဲတဲ့ ဒီဇိုင်းဆိုရင်တော့ သက်ဆိုင်ရာ နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေနဲ့ ပထဝီအနေအထားတွေကိုပါ ထည့်သွင်းစဉ်းစားရပါမယ်။ ဥပမာ တစ်ချို့နိုင်ငံတွေမှာ အဖြူရောင်က ဖြူစဉ်တဲ့ အရောင်ဖြစ်ပေမဲ့ တစ်ချို့နိုင်ငံတွေမှာ အဖြူရောင်က မကောင်းတဲ့ အတိတ်နိမိတ်ကို ကိုယ်စားပြုတာတွေ၊ Christmas ပွဲအတွက်ဒီဇိုင်းဆွဲတဲ့နေရာမှာ တစ်ချို့နိုင်ငံတွေက နှင်းကျပြီး တစ်ချို့နိုင်ငံတွေက နှင်းမကျတဲ့အတွက် ဒီဇိုင်းတစ်ခုထဲကို နိုင်ငံတစ်ကာမှာသုံးမယ်ဆို နှင်းထည့်ဆွဲလို့မရတာတွေ စသဖြင့် ဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာလှုံဆော်မှု(Spiritual)

ဒီအပိုင်းကတော့ အသိဉာဏ်နဲ့ ခံစားမှုပေါ်မှာ အခြေမခံဘဲ ယုံကြည်မှု၊ မသိစိတ်နဲ့ ရည်ရွယ်ချက်တွေပေါ်မှာအခြေခံပါတယ်။ ဥပမာ ဒီပစ္စည်းကိုကြိုက်ပေမဲ့ ဒီကုမ္ပဏီကထုတ်လို့ မ၀ယ်ဘူးဆိုတာတွေ၊ ဒါကတော့ တီဗီမှာ ခဏခဏကြေငြာနေတာဘဲ ကောင်းမယ်ထင်တယ်ဆိုပြီး ၀ယ်တာတွေ၊ ဈေးဝယ်နေတုန်း ကိုယ် Ringtone သံနဲ့တူလို့ အိတ်ကို ယောင်ပြီးစမ်းတာတွေ ဖြစ်ပါတယ်။

ဒီအပိုင်းကတော့ Functional အပိုင်းမှာရော Emotional အပိုင်းမှာပါထည့်သွင်းစဉ်းစားရတဲ့အပိုင်းဖြစ်ပြီး ဒီဇိုင်းနယ်ပယ်အရပြောမယ်ဆိုရင်တော့ နယ်ပယ်တိုင်းမှာပါဝင်တဲ့ User Experience Design နဲ့ အများကြီးသက်ဆိုင်ပါတယ်။ ကြေငြာလုပ်ငန်းတွေမှာတော့ “ရှေ့သို့လှမ်းချီ မြန်မာပြည်” လိုမျိုး ပါးစပ်ထဲဆွဲစေမဲ့ Marketing အခေါ်အဝေါ်အရဆိုရင်တော့ Jingle လို့ခေါ်တဲ့စကားလုံးတွေ၊ Coca Colaတို့ Pepsi တို့ကြေငြာတွေမှာ ရေငတ်တဲ့အချိန်တို့ အအေးသောက်ချင်တဲ့ အချိန်တို့မှာ သူတို့အမှတ်တံဆိပ်တွေကို Top-of-the-mind လို့ခေါ်တဲ့ အတွေးထဲမှာအရင်ပေါ်အောင် အအေးကအမြှပ်ထတဲ့အသံတွေ၊ ပုလင်းဖောက်တဲ့ အသံတွေကို အသားပေးတာတွေ၊ မနက်စာစားတဲ့အချိန်မှာမသိစိတ်က သတိရအောင် ပေါက်မုန့်တို့၊ ကော်ဖီတို့ကြေငြာရင် မနက်စာစားတဲ့ အချိန်ကိုကြေငြာရိုက်တာတွေဖြစ်ပါတယ်။

ဒီနေရာမှာ အရှေ့တိုင်းနဲ့ အနောက်တိုင်းရဲ့ စိတ်ပိုင်းဆိုင်ရာလှုံဆော်မှု အပေါ်သဘောထားက အနည်းငယ်ကွဲပြားပြီး အရှေ့တိုင်းကတော့ ယုံကြည့်မှုပေါ်မူတည်ပြီး မသိစိတ်က လှုံဆော်နိုင်အောင်ကြိုးစားပေမဲ့ အနောက်တိုင်းကတော့ ရည်ရွယ်ချက်ပေါ်မှာမူတည်ပြီး မသိစိတ်ကလှုံဆောင်မှုဖြစ်အောင်လုပ်ပါတယ်။ ဥပမာအနေနဲ့ဆိုရင်တော့ အောက်မှာရှိတဲ့ ဗီဒီယိုလေးမှာ ပါတဲ့ “တူ” လေးဟာဆိုရင်တော့ Functional အရာ တူတစ်ခုအနေနဲ့ စားလို့ရသလို Emotional အရလည်း အခြားတူပုံစံနဲ့မတူဘဲ ရှင်းလင်းထူးခြားတဲ့ပုံစံလည်းရှိပါတယ်။ ဒါ့အပြင့် Spiritual အရလည်း စားသုံးတဲ့သူကို တူကိုပြန်ချတဲ့အခါ ညင်ညင်သာသာ ပြန်ချအောင်နိုင်အောင်ရည်ရွယ်ပြီး ဒီဇိုင်းရေးဆွဲထားတဲ့အတွက် အနုပညာမြောက်ပြီး ပြီးပြည့်စုံတဲ့ဒီဇိုင်း(State Of Art Product) တစ်ခုအဖြစ်သတ်မှတ်နိုင်ပါတယ်။

နိဂုံး

ဒီအချက်သုံးချက်ကတော့ ကောင်းမွန်တဲ့ ဒီဇိုင်းတစ်ခုရဲ့ အလုပ်လုပ်တဲ့ပုံစံဖြစ်ပြီး Functional ပိုင်းက အသုံးဝင်မှု၊ Emotional ပိုင်းက နှစ်သက်မှုနဲ့ Spiritualပိုင်းက စွဲလမ်းမှုတွေကိုဖြစ်စေပါတယ်။ ဒီအချက်လေးတွေကို အခြေခံပြီး ပိုမိုကောင်းမွန်တဲ့ဒီဇိုင်းတွေကို အချိန်၊ငွေကြေးနဲ့ လုပ်အားပေါ်မှာမူတည်ပြီး အကောင်းဆုံး ဖန်တီးနိုင်ပါစေလို့ဆုတောင်းပေးရင်း ဒီဆောင်ပါးလေးကို အဆုံးသတ်လိုက်ပါမယ်ခင်ဗျ။

ဒီဆောင်းပါးနဲ့ ပတ်သတ်ပြီးဆွေးနွေးချင်တာတွေရှိမယ်ဆိုလည်း အောက်မှာရှိတဲ့ Comment ထဲမှာ ၀င်ရောက်ဆွေးနွေးနိုင်ပါတယ်ခင်ဗျ။

2 Comments

Leave a Reply

Your email address will not be published. Required fields are marked *

Post comment