ဂရပ်ဖစ်ဒီဇိုင်း ဆိုတာဘာလဲ?

ဂရပ်ဖစ်ဒီဇိုင်းသင်တန်းတစ်ခုခုပြီးတာနဲ့ လစာ ၁သိန်းခွဲ ၂သိန်းရပြီး လုပ်သက်ရလာရင် ရလာသလို ၄သိန်း ၅သိန်း ရှာလို့ရနိုင်တဲ့ ကျွှန်တော်တို့ဆီမှာ “ဂရပ်ဖစ်ဒီဇိုင်းဆိုတာ ဘာလဲ” ဆိုပြီးတိတိ ကျကျ မသိလည်း သိပ်တော့ပြဿနာ မရှိခဲ့ပါဘူး။
ဒါပေမဲ့ ခုချိန်မှာ နိုင်ငံခြားကုမ္မဏီတွေ ၀င်လာပြီး ဒီဇိုင်နာတွေကို ၁လ ၁၅သိန်း သိန်း၂၀ ပေးတဲ့ အဲလိုနေရာတွေမှာ လုပ်ဖို့ ဆိုရင်တော့ အခြေခံကနေ စပြီး သေချာသိလိုလာပါပြီ။

 

ဒီဇိုင်းဆိုတာ ဘာလဲ?

အိတ်ဒီဇိုင်း၊ ခွက်ဒီဇိုင်း၊ ဖက်ရှင်ဒီဇိုင်း၊ ဂရပ်ဖစ်ဒီဇိုင်း၊ အဆောက်ဦးဒီဇိုင်း စသဖြင့် ဒီဇိုင်းအမျိုးအစားပေါင်းမြောက် များစွာရှိသလို ဒီဇိုင်းဆိုတာဘာလဲ ဆိုတဲ့ အဓိပ္ပာယ်ကလည်း သက်ဆိုင်ရာ နယ်ပယ်အလိုက် အနည်းငယ် ကွဲလွဲမူတွေရှိပါတယ်။ ဒါပေမဲ့လည်း ဘယ်လိုဘဲ နယ်ပယ်တွေပြောင်းပြောင်း တူညီတဲ့ အဓိက အချက်ကတော့ ဒီဇိုင်းဆိုတာ ပြဿနာတွေကို အမြင်ပိုင်း (သို့) သဘောတရားပိုင်း (သို့) အရာဝတ္ထုပစ္စည်းအားဖြင့် တွေးခေါ်စဉ်းစားပြီး ပိုမိုကောင်းမွန်အောင် ပြုလုပ်ဖန်တီးတဲ့ ဘာသာရပ် ဖြစ်တယ်ဆိုတဲ့ အချက်ပါ။ လွယ်လွယ်ပြောရရင်တော့ ပြဿနာတွေကို စဉ်းစားပြီး ပိုကောင်းအောင် အဖြေရှာပေးတဲ့ ဘာသာရပ်ပေါ့ဗျာ။

 

ဒီဇိုင်းက ဘယ်လိုမျိုး အနုပညာလဲ ?

ဒီအချက်ကတော့ တော်တော်အရေးကြီးတဲ့ အချက်ပါ။ ဘာလို့လဲဆိုတော့ ကျွှန်တော်တို့ဆီက ဒီဇိုင်နာတော်တော်များများက ပန်းချီဆရာတို့ ဓါတ်ပုံဆရာတို့ကနေ ဒီဇိုင်နာဖြစ်လာတဲ့လူတွေများပါတယ်။နောက်ပြီး တစ်ချို့ ဒီဇိုင်းသင်တန်းတွေမှာလည်း ပန်းချီတို့ ဓါတ်ပုံတို့က အခြေခံတွေကို အသုံပြုသင်ကြားကြတာကို တွေ့ရပါတယ်။

ပန်းချီပညာတို့၊ ဓါတ်ပုံပညာတို့ ဆိုတာကတော့ Fine Art လို့ခေါ်တဲ့ လှပမှုနဲ့ စိတ်ခံစားပေါ်မှာ အဓိကမူတည်ပြီးတော့ ရေးဆွဲတဲ့ အနုပညာအမျိုးအစားကလာတာပါ။ Fine Art တွေရဲ့ သဘောတရားအရ သူတို့ရဲ့ဖန်တီးမှုတွေ ဟာ ဖန်တီးသူရဲ့ စိတ်ခံစားမှု (သို့ ) ပတ်ဝန်းကျင်ပေါ် ဖန်းတီးသူတွေရဲ့ အမြင်ပေါ်မှာ မူတည်ပြီး စတင်ဖြစ်ပေါ်ပါတယ်။ အဲလိုဖန်တီးမှုတွေကိုလည်း ကြည့် ရှုခံစားသူတွေက မတူညီတဲ့ ခံစားမှုတွေနဲ့ ခံစားကြပါတယ်။ ဒါကဘဲ Fine Art ရဲ့ လွတ်လပ်မှုနဲ့ တန်ဖိုးဖြစ်ပါတယ်။ ဥပမာ မိုနာလီဆာ ပန်းချီကားလိုပေါ့၊ သူ့ကိုကြည့်ပြီး တစ်ချို့က ရယ်နေတယ်လို့ ထင်ကြပေမဲ့ တစ်ချို့ကျတော့လည်း မဲ့နေတယ်လို့ထင်ကြပါတယ်။

ဒါပေမဲ့ ဒီဇိုင်းကတော့ Fine Art နဲ့ ဆန့်ကျင်ဖက်ဖြစ်တဲ့ အသုံးချ အနုပညာ ( Applied Art ) လို့ခေါ်တဲ့ အနုပညာအမျိုးအစားမှာ ပါဝင်ပါတယ်။ စီးပွားရေးနယ်ပယ်မှာတော့ ဒီဇိုင်းက ၀န်ဆောင်မူအမျိုးအစားထဲမှာပါလို့ ၀န်ဆောင်မှု အနုပညာ ( Service Art ) လို့လည်းခေါ်တတ်ကြပါတယ်။ ဒီဇိုင်းတစ်ခုဖြစ်လာဖို့ ဆိုရင်တော့ ဖန်တီးသူက သူဖြေရှင်းရမဲ့ ပြဿနာတွေရဲ့ အချက်အလက်တွေကို အဓိကထားစဉ်းစားပြီးတော့ ပိုမိုကောင်းမွန်တဲ့ရလဒ်ရအောင် ဖန်တီးဖြေရှင်းကြပါတယ်။ ဒါကြောင့် သူ့ဖန်တီးမှုက လူဘယ်လောက်များများအတွက်အထောက်အကူဖြစ်လဲ၊ လူဘယ်လောက်များများကို နားလည်သွားစေလဲ စတဲ့ အချက်တွေပေါ်မှာ မူတည်ပြီး တန်ဖိုးဖြတ်ပါတယ်။ ဥပမာ Taxiဆိုင်းဘုတ် တွေ အ၀ါရောင်ဖြစ်သလိုပါဘဲ။ Taxi ဆိုင်းဘုတ် တွေကို အ၀ါရောင် သုံးတယ်ဆိုတာက ကားတွေပေါ်မှာတတ်ရင် ကြည့်လို့ကောင်းလို့ လှလို့မဟုတ်ဘဲ အဝေးကလှမ်းကြည့်ရင်မြင်ရတဲ့ အရောင်တွေထဲမှာ အ၀ါရောင်က အထင်ရှားဆုံးအရောင်ဖြစ်လို့ပါ။ဒါကြောင့် ဒီဇိုင်းဆိုတာ လှပမှုတစ်ခုထဲပေါ်အခြေမခံဘဲ လူဘယ်လောက်များများကို အကျိုးပြုလည်း နားလည်စေလည်း စတာတွေကိုအခြေခံပါတယ်။

ဒါတွေကတော့ Art နဲ့ Design ကြားမှာရှိတဲ့မတူညီတဲ့ အချက်တစ်ချို့ ဖြစ်ပြီး Fine Artist တွေအတွက် Designer မဖြစ်နိုင်ဘူးလို့ပြောတာမျိုးမဟုတ်ဘဲ Design နဲ့ ပတ်သတ်တဲ့ အချက်တွေကို သေချာလေ့လာမယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ ဒီဇိုင်နာတွေဖြစ်လာကြမှာပါ။ ဒါကတော့ ဒီဇိုင်းနဲ့ပတ်သတ်တဲ့ အကြောင်းအရာအချို့ဖြစ်ပါတယ်။

 

ဂရပ်ဖစ်ဒီဇိုင်း ဆိုတာဘာလဲ?

ဂရပ်ဖစ်ဒီဇိုင်းဆိုတာကတော့ အခက်အခဲတွေ၊ ပြဿနာတွေကို အမြင်ပိုင်းဆိုင်ရာ အရ ဆက်သွယ်ဖြေရှင်းပေးတဲ့ ဘာသာရပ်တစ်ခုဖြစ်ပါတယ်။ လွယ်လွယ်ပြောရမယ်ဆိုရင်တော့ ဂရပ်ဖစ်ဒီဇိုင်းဆိုတာဟာ အလုပ်အပ်သူက သူ့စားသုံးသူ ကို သိစေချင်တဲ့ အကြောင်းအရာကို အမြင်ပိုင်းဆိုင်ရာနည်းလမ်းအရ စားသုံးသူ နားလည်အောင် ဆက်သွယ်ပေးရတဲ့ ပေါင်းကုးတံတားလေးပါ။ ဒါကြောင့် ဒီဇိုင်းတစ်ခုကို ဖန်တီးတဲ့အခါ အရမ်းလှပြီး ကြည့်ကောင်းနေဖို့ထက် အလုပ်အပ်သူ က သူ့ပစ္စည်းကိုဝယ်မယ့်သူတွေကို သိစေချင်တဲ့ အကြောင်းအရာတွေကို ထိထိမိမိပုံဖော်နိုင်ဖို့က ပိုပြီးအရေးကြီးပါတယ်။ ဂရပ်ဖစ်ဒီဇိုင်းနဲ့ ပတ်သတ်ပြီး တော့ လွဲမှားတတ်တဲ့ အကြောင်းရာတစ်ခုကတော့ ဂရပ်ဖစ်ဒီဇိုင်းတွေကို ဖန်တီးတဲ့အခါမှာ ရင်ထဲမှာရှိတဲ့ အတိုင်းခံစားပြီး ရေးဆွဲတယ်ဆိုတဲ့အချက်ပါ။ ဒီအချက်ကတော့ တော်တော်ကြီးကို လွဲမှားနေတဲ့ အချက်ပါဘဲ။ ဂရပ်ဖစ်ဒီဇိုင်းတစ်ခု ကိုဖန်တီးဖို့ဆိုရင် အရင်ဆုံး ကိုယ်ရေးဆွဲမယ့် ဖန်တီးမှုကို ကြည့်ရှုမယ့်သူတွေအပေါ် ဘယ်လိုမျိုးသက်ရောက်မှုတွေရှိစေ ချင်လည်း ဘာတွေကို သတိပြုစေချင်လည်း စတဲ့ ခံစားမှုပုံစံမျိုးမဟုတ်ဘဲ လက်တွေကျတဲ့ စနစ်တကျ စဉ်းစားမှုပုံစံမျိုးနဲ့စတင်ရတာပါ။ အဲလိုဖန်တီးတဲ့နေရာမှာလည်း ကိုယ်ဆွဲချင်သလိုဆွဲတာ မျိုးမဟုတ်ဘဲ ဂရပ်ဖစ်ဒီဇိုင်းရဲ့ အခြေခံ အစိတ်အပိုင်းတွေဖြစ်တဲ့ မျဉ်းတွေ၊ ပြင်ညီတွေ၊ ထုထည်တွေ၊ အရောင်တွေ စတာတွေနဲ့ ဒီဇိုင်း ပုံသေနည်းတွေကို အချိုးကျကျ ပေါင်းစပ်ရေးဆွဲရတာဖြစ်ပါတယ်။ ဒါကြောင့် ကျွှမ်းကျင်တဲ့ ဒီဇိုင်းနာတစ်ယောက်ဖြစ်လာဖို့ ဆိုရင်တော့ အခြေခံကနေပြီး သေချာလေ့လာသင့်ပါတယ်။ ဒါကတော့ ဂရပ်ဖစ် ဒီဇိုင်းဆိုတာ ဘာလည်းဆိုတာရဲ့ အကျဉ်းချုံ့ ဖြစ်ပြီး နောက်တစ်ခေါက်ကိုတော့ ဂရပ်ဖစ်ဒီဇိုင်းရဲ့ အခြေခံ အစိတ်အပိုင်းတွေအကြောင်းကို ရေးသားပေးသွားပါမယ်ခင်ဗျ။

1 Comment

Leave a Reply

Your email address will not be published. Required fields are marked *

Post comment