ဂရပ်ဖစ်ဒီဇိုင်းအခြေခံ
အပိုင်း ( ၁ ) - အခြေခံ အစိတ်အပိုင်းများ
ဘယ်ဘာသာရပ်မဆို စလေ့လာမယ့် လူတစ်ယောက်အတွက် တော့ အရာရာတိုင်းက သင်ယူစရာတွေ လေ့လာစရာတွေနဲ့ အပြည့်ဖြစ်နေမှာပါ။ ဒါပေမဲ့ အခြေခံ ဆိုတဲ့ အပိုင်းကို မကြေညက်ဘဲတော့ ဘယ်တော့ မှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ မအောင်မြင်နိုင်ကြပါဘူး။
ကျွှန်တော်တို့ ဂရပ်ဖစ်ဒီဇိုင်း ကိုတော့ အခြေခံလို့ ပြောလိုက်ရင် အများစု က Photoshop တို့ Illustratorတို့ကို ပြေးမြင်တတ်ကြပါတယ်။ တကယ်တော့ PS တို့ AI တို့က ကျွှန်တော်တို့ စဉ်းစားလိုက်တဲ့ ဖန်းတီးမူ တွေကို ပုံဖော်ပေးတဲ့ အသုံးချကိရိယာ သက်သက်သာဖြစ်ပါတယ်။ ဒါကြောင့် ဂရပ်ဖစ် ဒီဇိုင်နာ တစ်ယောက်အနေနဲ့ ဖန်တီးမူတွေကို ပုံမဖော်ခင် စတင်စဉ်းစားနိုင်ဖို့အတွက်တော့ ဂရပ်ဖစ်ဒီဇိုင်းရဲ့ အခြေခံ အချက်တွေကို သိထားဖို့လိုပါမယ်။
ဂရပ်ဖစ်ဒီဇိုင်း အခြေခံမှာ ဘာတွေပါလဲ
ဂရပ်ဖစ်ဒီဇိုင်းဟာ –
၁) အခြေခံအစိတ်အပိုင်း
၂) ပုံသေနည်း
ဆိုပြီး အခြေခံအားဖြင့် ၂ ပိုင်း ပါဝင်ဖွဲ့စည်းထားပါတယ်။ ဥပမာ – ဂရပ်ဖစ်ဒီဇိုင်းသာ ဟင်းပွဲတစ်ပွဲ ဖြစ်ခဲ့မယ်ဆို အခြေခံအစိတ်အပိုင်းဆို တာ အသားတို့ ၊ ငါးတို့ ၊ ကြက်သွန်တို့ စတဲ့ ဟင်းချက်ပစ္စည်း တွေဖြစ်ပြီး၊ ပုံသေနည်းတွေကတော့ ဟင်းချက်နည်း တွေဖြစ်ပါတယ်။ ဒါကြောင့် ဟင်းကောင်းတစ်ခွက် ဖြစ်ဖို့ အတွက် ဒီနှစ်ပိုင်းလုံး အချိုးကျကျပါဝင်ရသလို ဒီဇိုင်းကောင်းတစ်ခု အတွက် လည်း အခြေခံ အစိတ်အပိုင်းတွေ နဲ့ ပုံသေနည်းတွေကို အချိုးကျကျ အသုံးပြုနိုင် ဖို့လိုပါတယ်။
ဂရပ်ဖစ်ဒီဇိုင်း အခြေခံ အစိတ်အပိုင်းဆိုတာ ဘာတွေလဲ
ဂရပ်ဖစ်ဒီဇိုင်းမှာ ပါဝင်တဲ့ အခြေခံ အစိတ်အပိုင်းတွေကတော့ –
၁) မျဉ်း – Line
၂) ပုံသဏ္ဌာန် – Shape
၃) ထုထည် – Volume
၎) အရွယ်ပမာဏ နှင့် အတိုင်းအတာ – Size & Scale
၅) နေရာလွတ် – Space
၆) အရောင် – Color
၇) မျက်နှာပြင်အနေအထား – Texture
စတာတွေပါဝင်ပါတယ်။ ဒါတွေကတော့ လွယ်လွယ်ကူကူနဲ့ မှတ်ရလွယ်အောင် အခြေခံအားဖြင့် ခွဲထားတာဖြစ်ပြီး ပညာရှင်အဆင့် အတွက်ဆိုရင်တော့ ဒီထပ်နက်နဲတဲ့ ဖွဲ့စည်းမှုပုံစံမျိုးတွေကို လေ့လာရမှာပါ။
၁) မျဉ်း – Line
မျဉ်းကြောင်းတွေကိုတော့ ကျွှန်တော်တို့တွေရင်းနှီပြီးသားပါ။ မျဉ်းတွေဟာ အမှတ်နှစ်ခု ဆုံတဲ့ အချိန်မှာ ဖြစ်ပေါ်လာတာဖြစ်ပြီး အသုံးပြုတဲ့ ပုံစံတွေပေါ်မှာ မူတည်ပြီး စိတ်ခံစားမှု ကိုပေးစွမ်းနိုင်ကြပါတယ်။ ဥပမာ မျဉ်းဖြောင့်တွေဟာ ရိုးရှင်း တည်ငြိမ်တဲ့ သဘောကိုဆောင်ပြီး မျဉ်းကွေးတွေကတော့ မတည်ငြိမ်မှု နဲ့ ရုပ်ထွေးမှုတွေကို ကိုယ်စားပြုပါတယ်။
မျဉ်းတွေကို ဒီဇိုင်းတွေရဲ့ အောက်ခံပုံကြမ်းတွေမှာ အခြေခံ ဖွဲ့စည်းမှုတစ်ခု အနေနဲ့ သုံးကြသလို ကျွှန်တော်တို့ ရေးသားနေတဲ့ စကားလုံးတွေဟာလဲ မျဉ်းကွေး၊ မျဉ်းဖြောင့်စတဲ့ မျဉ်းတွေပေါင်းစပ်ပြီးတော့ ဖွဲ့စည်းထားတာဘဲဖြစ်ပါတယ်။မျဉ်းတွေကို လှုပ်ရှားမှုတွေကို ပုံဖော်တဲ့ နေရာမှာ အသုံးပြုနိုင်သလို၊ ဒီဇိုင်းတွေကို ကြည့် ရှုတဲ့ အကြည့်တွေကို လမ်းညွှန်တဲ့ နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ မျဉ်းတွေကို အသုံးပြုတဲ့ လူသိများတဲ့ ဒီဇိုင်းတွေကတော့ Line Illustration လို့ ခေါ်တဲ့ မျဉ်းတွေကိုသာ အသုံးပြုပြီးဆွဲတဲ့ ဒီဇိုင်းပုံတွေဖြစ်ပါတယ်။
၂) ပုံသဏ္ဌာန် – Shape
ပုံသဏ္ဌာန်တွေမှာ အလျား နဲ့ အနံ၊ ရူထောင့် နှစ်ခုပါဝင်ပြီး မျဉ်းတွေထိစပ်ရာကနေဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ပုံသဏ္ဌာန်တွေဟာ ဂျီသြမေတြီပုံသဏ္ဌာန် တွေဖြစ်တဲ့ လေးထောင့်တို့ အ၀ိုင်းတို့ အနေနဲ့ ရှိနိုင်သလို ၊ အမျိုးအမည် သတ်မှတ်ထားတဲ့ ပုံသဏ္ဌာန် တွေဖြစ်တဲ့ သစ်ရွက်တို့ ၊ ခွက်တို့ ပုံသဏ္ဌာန် တွေအနေနဲ့ လည်းရှိနိုင်ပြီး အမျိုးအမည် မသတ်မှတ်နိုင်တဲ့ ပုံသဏ္ဌာန် တွေအနေနဲ့လည်း ရှိနိုင်ကြပါတယ်။
ဒီဇိုင်းတစ်ခုမှာတော့ ဒီဇိုင်းနဲ့ပတ်သတ်တဲ့ ပုံသဏ္ဌာန် ရှိတဲ့နေရာကို ပုံသဏ္ဌာန်ရှိနေရာ ( Positive Shape ) ဆိုပြီး ခေါ်ဆိုနိုင်ပြီး၊ ပုံသဏ္ဌာန်တွေ မရှိတဲ့ နေရာလွတ် ကိုတော့ ပုံသဏ္ဌာန်မဲ့နေရာလွတ်( Negative Space ) ဆိုပြီး ခေါ်ပါတယ်။ ဒီဇိုင်းတစ်ခုမှာ ဒီနှစ်ခုလုံးက အချိုးအစားညီညီနဲ့ အရေးကြီးတဲ့ အပိုင်းကနေပါဝင်ကြပါတယ်။
ဂျီသြမေတြီပုံသဏ္ဌာန် တွေကိုအသားပေးတဲ့ ဒီဇိုင်းတွေကို ဂရပ်ဖစ်ဒီဇိုင်း မော်ဒန်ခေတ်ကြို ( Early Modernism ) ဒီဇိုင်းတွေမှာ စတင်တွေ့ နိုင်ပြီး ဆွစ်ဒီဇိုင်း ( Swiss Design ) လို့ လူသိများပြီး၊ နိုင်ငံတကာဒီဇိုင်း ( International Design) လို့လဲခေါ်တဲ့ ဒီဇိုင်းရေစီးကြောင်းမှာ လည်း စာလုံးဒီဇိုင်း တွေနဲ ယုဉ်တွဲပြီး အသုံးပြုတာကို တွေ့နိုင်ပါတယ်။ ယနေ့ခေတ်မှာတော့ Flat Illustration လို့ခေါ်တဲ့ ပုံသဏ္ဌာန် တွေကို အဓိကထားသုံးတဲ့ ဒီဇိုင်းတွေမှာ တွေ့နိုင်ပါတယ်။
၃) ထုထည် – Volume
ထုထည်တွေဟာ ပုံသဏ္ဌန်တွေမှာပါတဲ့ အလျား၊ အနံ အပြင် ထုထည် ပါထပ်မံ ပါဝင်လာပြီး၊ စုစုပေါင်း ရှုထောင့် သုံးခုပါဝင်ပါတယ်။ ရှုထောင့် ၃ ခုလို့ ဆိုပေမဲ့ ကျွှန်တော်တို့ ဒီဇိုင်းတွေကို ကြည့် ရှုတဲ့ ပစ္စည်းတွေဟာ များသောအား ဖြင့် စာရွက်တို့ ကွန်ပျူတာ မော်နီတာ တို့ လို့ ရှုထောင့် ၂ခုသာ ဖော်ပြနိုင်တဲ့ ပစ္စည်းတွေဖြစ်တဲ့ အတွက်ကြောင့် ထုထည်တွေကို ခံစားနိုင်ဖို့အတွက် အလင်းအမှောင်နှင့် အရောင်တွေကို အသုံးပြုပြီး ဖော်ပြရပါတယ်။ ဒီနေရာမှာတော့ 3D တီဗီ တို့ Virtual Reality တို့ လို နည်းပညာတွေကတော့ ချွင်းချက်ဖြစ်ပါတယ်။
ထုထည်တွေကို ဒီဇိုင်းတွေ အသက်ဝင်စေဖို့ အတွက် ဒီဇိုင်းရေစီးကြောင်းတော်တော်များများမှာ အသုံးပြုကြပြီး ထုထည်တွေကို ဦစားပေးသုံးတဲ့ ဒီဇိုင်းရေစီးကြောင်းကတော့ Isometric Illustration လို့ခေါ်တဲ့ ဒီဇိုင်းပုံစံတွေမှာ အသုံးများပါတယ်။
၎) အရွယ်ပမာဏ နှင့် အတိုင်းအတာ – Size & Scale
အရွယ် ပမာဏ အကြီး၊ အသေး ဆိုတဲ့ အတိုင်းအတာတွေဟာ ဒီဇိုင်းတစ်ခု မှာတော့ အရေးကြီးတဲ့ အပိုင်းအနေနဲ့ ပါဝင်ပါတယ်။ အတိုင်းအတာတွေကဘဲ ဒီဇိုင်းတစ်ခုရဲ့ ယုတ်တိရှိမှုနဲ့ ဦးစားပေးဖော်ပြမှုတွေကို ဖော်ပြနိုင်ပါတယ်။ ဥပမာ ပုရွက်ဆိတ်ရယ် ဆင်ရယ် ပါတဲ့ ဒီဇိုင်းတစ်ခုမှာ ဆင်ကို ပုရွက်ဆိတ်ထက်သေးအောင် ဆွဲထားမယ်ဆိုရင် ယုတ်တိရှိတဲ့ ဒီဇိုင်းတစ်ခု အနေနဲ့ ရမှာ မဟုတ်ပေမဲ့ ပုရွက်ဆိတ်က တော့ ဆင်ထက်ပိုပြီး အမြင်ပိုင်းဆိုင်ရာ အာရုံစိုက်မှုကို ရရှိမှာဖြစ်ပါတယ်။ အဲလိုအဖြစ်အပျက်မျိုးကို တော့ အမြင်ပိုင်းဆိုင်ရာဖိအား ( Visual Tension ) ကို အသုံးချတယ်လို့ခေါ်နိုင်ပါတယ်။ ဒါကြောင့် အတိုင်းအတာတွေကို အမြဲတမ်းတော့ အပြင်မှာ ရှိတဲ့အရွယ်အစားအတိုင်း ဖော်ပြစရာမလိုဘဲ ဒီဇိုင်းတစ်ခုမှာ ဘယ်ဟာကပိုအရေးကြီးတယ် မကြီးဘူးဆိုတာပေါ်မူ တည်ပြီးလည်းဖော်ပြနိုင်ပါတယ်။
အပေါ်မှာ ရှိတဲ့ ဒီဇိုင်းမှာဆိုရင်တော့ အရွယ်အစားအရ အကြီးဆုံးဖြစ်တဲ့ အပြင် အရောင်အရပါ အထောက်အပံပေးထားတဲ့ အ၀ါရောင် စက်ဝိုင်းကို ပထမဆုံးသတိထားမိမှာပါ။ ဆက်လက်ပြီးတော့ စာလုံးတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ စာအုပ်ခေါင်းစဉ်ကို ဆက်ပြီး သတိထားမိမှာဖြစ်ပါတယ်ပြီးရင်တော့။ ပြီးရင်တော့ စက်ဝိုင်းထဲက စာတွေကို သတိပြုမိမှာ ဖြစ်ပြီး တစ်ချိန်ထဲမှာ ဘဲ ခေါင်းစဉ်ရဲ့အပေါ်က မျဉ်းကိုပါသိထားမိမှာပါ။ ပြီးရင်တော့ မျဉ်းတစ်လျှောက်လိုက်ကြည့်ရာကနေ စာရေးဆရာ နာမည်ကို ဖတ်မိမှာဖြစ်ပါတယ်။
ဒီနေရာမှာ စာတွေကို သတိပြုရုံဘဲပြုမိပြီး စာရေးဆရာ နာမည်ကိုအရင်ဖတ်မိတဲ့ အကြောင်းရင်းကတော့
၁) စက်ဝိုင်းထဲက စာထက် စာရေးဆရာနာမည် က ပိုထူပြီး ပိုကြီးပါတယ်။
၂) စာအုပ်ခေါင်းစဉ်နဲ့ စက်ဝိုင်းထဲကစာရဲ့ အကွာအဝေးထက် စာအုပ်ခေါင်းစဉ် နဲ့ စာအုပ်ခေါင်းစဉ်အထက်က မျဉ်းအကွာအဝေးက ပိုနီးပါတယ်။
၃) လူတွေရဲ့ အကျင့်စရိုက်အရ ဒီဇိုင်းတွေကို ကြည့်တဲ့ အခါ တစ်လုံးချင်း လိုက်ဖတ်တာမျိုးမဟုတ်ဘဲ အားလုံးကိုခြုံပြီးအရင်ကြည့်တာ ဖြစ်တဲ့အတွက်ကြောင့် စာအမြောက်များကို မြင်ရင် ကျော်ကြည့်ပြီး နောက်မှ ပြန်ဖတ်တတ်တဲ့အတွက် ကြောင့်ဖြစ်ပါတယ်
။ဒါကတော့ ဒီဇိုင်နာတစ်ယောက်အနေ နဲ့ စဉ်းစားရေးဆွဲတဲ့ ဒီဇိုင်းတင်ဆက်ပုံဖြစ်ပြီး၊ ဒီ ဒီဇိုင်းမှာတော့ စက်ဝိုင်း အရွယ်အစား၊ စာလုံးတွေရဲ့ အရွယ်အစား နဲ့ အထူအပါး စတာတွေကို အသုံးပြုပြီး ဒီဇိုင်းတစ်ခု ကို အစီစဉ်အလိုက် စီစဉ်ရေးဆွဲထားတာ ကို လေ့လာနိုင်ကြမှာပါ။
၅) နေရာလွတ် – Space
နေရာလွတ်ဆိုတာကတော့ သူ့နာမည်အတိုင်းဘဲ ကျွှန်တောတို့ဒီဇိုင်းထဲမှာ ပုံတွေ စာတွေမရှိတဲ့ နေရာမှာ လစ်လပ်နေတဲ့ နေရာတွေကိုပြောတာဖြစ်ပါတယ်။ နေရာလွတ်တွေကိုတော့ ဒီဇိုင်းနယ်ပယ်မှာ အဖြူရောင်နေရာလွတ် ( White Space )၊ ပုံသဏ္ဌန်မဲ့နေရာလွတ် (Negative Space) စသည်ဖြင့်ခေါ်ကြပါတယ်။ ဒီဇိုင်းတစ်ခုဆွဲတဲ့နေရာမှာ ကျွှန်တော်တို့တွေဟာ ဘယ်လိုပုံတွေ ကိုဆွဲမယ်ဆိုတာ စဉ်းစားရုံမကဘဲ ကြည့်တဲ့လူကို သက်တောင့်သက်သာနဲ့ ကြည့် နိုင်အောင် နေရာလွတ်တွေကို လည်း လိုအပ်သလို အသုံးပြုနိုင်ဖို့ကလည်းအရေးကြီးပါတယ်။ နေရာလွတ်တွေကို အသုံးပြုရင်း နဲ့ ဘဲ ဒီဇိုင်းတစ်ခုမှာ ဘယ်ဟာက ပိုအရေးကြီးတယ်၊ ဘယ်ဟာကတော့ ဘယ်ဟာနဲ့ ဆက်ဆက်နေတယ် စသဖြင့် အမြင်ပိုင်းဆိုင်ရာ စီစဉ်တင်ဆက်မှုကို လည်း ထောက်ပံနိုင်ပါတယ်။
၆) အရောင် – Color
ဒီဇိုင်းတစ်ခုမှာ အရောင်တွေက ဘယ်လောက်အရေးပါတယ်ဆိုတာ ကိုတော့ မပြောလည်းသိပြီးသားဖြစ်ကြမှာပါ။ အရောင်တွေဟာ ဒီဇိုင်းတစ်ခု ရဲ့ စိတ်ခံစားမှုကို အထိရောက်ဆုံးပုံဖော်ပေးကြ သလို ဒီဇိုင်းတစ်ခု ကောင်းတယ်ဆိုးတယ် ဆိုတာကလည်း အရောင်တွေပေါ်မှာ အများကြီးမူတည်နေပါတယ်။ ကျွှန်တော် ရှေ့မှာရေးသားခဲ့တဲ့ ဂရပ်ဖစ်ဒီဇိုင်းဆိုတာဘာလဲ ဆိုတဲ့ ဆောင်းပါးမှာ ပြောသလိုဘဲ ဂရပ်ဖစ်ဒီဇိုင်းဟာ အမြင်ပိုင်းဆိုင်ရာ ဆက်သွယ်ပေးတဲ့ ဘာသာရပ်ဖြစ်တာကြောင့် ဒီဇိုင်းတစ်ခု မှာ အရောင်တွေကို အသုံးပြုတော့မယ် လှရင်ပြီးရော ဆိုတာထက် ဘယ်အရောင်ကို ဘာအတွက်သုံးမယ်ဆိုတာ မသုံးခင်ထဲကကြိုစဉ်းစားသင့်ပါတယ်။ ဒါမှကိုယ့်ရဲ့ ဒီဇိုင်းအတွက်ကိုယ်သိစေချင် အကြောင်းအရာ ခံစားစေချင်တဲ့ ခံစားချက်တွေကို အရောင်တွေကတစ်ဆင့် စနစ်တကျ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အရောင်တွေကို ဒီဇိုင်းအတွင်းမှာရှိတဲ့ ဒီဇိုင်းအစိတ်အပိုင်းတွေ တစ်ခုနဲ့တစ်ခု သက်ဆိုင်ရာ အမျိုးအစားတွေခွဲတဲ့ နေရာမှာ သုံးနိုင်သလို၊လူတွေရဲ့ အာရုံစိုက်မှုရအောင်လုပ်တဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။
၇) မျက်နှာပြင်အနေအထား – Texture
မျက်နှာပြင်အနေအထား ဆိုတာ ကတော့ အရာဝတ္ထုပစ္စည်းတွေမှာ ပါဝင်တဲ့ သက်ဆိုင်ရာမျက်နှာပြင်တွေကို ဆိုလိုတာပါ။ ဥပမာ ငှက်ပျောသီးတစ်လုံးကိုကြည့် မယ်ဆို ချောမွတ်တဲ့ အ၀ါရောင်ပေါ်မှာ အနက်ရောင်လိုင်းလေးတွေပါပြီး အနည်းငယ်မှည့်လာပြီဆိုရင်တော့ အနီရောင်သမ်းလာကြပါတယ်။ ဒါကတော့ ငှက်ပျောသီးတစ်လုံးရဲ့ မျက်နှာပြင်အနေအထားပါ။ မျက်နှာပြင်အနေအထား ကို ထိတွေ့လိုရတဲ့ မျက်နှာပြင်အနေအထား နဲ့ ထိတွေ့လို့ မရတဲ့ မျက်နှာပြင်အနေအထား ဆိုပြီး နှစ်ပိုင်းခွဲထားပါတယ်။ ထိတွေ့လို့ရတဲ့ မျက်နှာပြင်အနေအထားကိုတော့ ပစ္စည်းတွေကိုထုတ်ပိုးတဲ့ အခါမှာ အသုံးပြုတဲ့ ထုတ်ပိုးမှုပုံစံဒီဇိုင်းတွေမှာ အသုံးပြုပြီး၊ ထိတွေ့လို့မရတဲ့ မျက်နှာပြင်အနေအထား တွေကိုတော့ ကျွှန်တော်တို့ ဂရပ်ဖစ်ဒီဇိုင်းမှာ ဒီဇိုင်းတွေကို အသက်ဝင်အောင်ထည့်သွင်းအသုံးပြုကြပါတယ်။
အထက်ပါပုံကတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီး ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ Naoto Fukasawa ရေးဆွဲထားတဲ့ Juice Skin ဆိုတဲ့ ထုတ်ပိုးမှု ပုံစံဒီဇိုင်း တစ်ခုဖြစ်ပြီး အအေးဘူးတွေကို သဘာဝအတိုင်း ခံစားနိုင်ဖို့အတွက် သက်ဆိုင်ရာ အအေးတွေကို သူနဲ့သက်ဆိုက်တဲ့ အသီးရဲ့ ပုံစံ ကော၊ မျက်နှာပြင်အနေအထား ပါထပ်တူထိတွေ့ ခံစားနိုင်အောင် ပြုလုပ်ရေးဆွဲထားတာကို လေ့လာနိုင်မှာပါ။ ဒီလိုမျက်နှာပြင် အနေအထားကိုတော့ ထိတွေ့လို့ရတဲ့ မျက်နှာပြင်အနေအထား လို့ခေါ်ပါတယ်။
အထက်ပါ ငှက်ပျောသီး ပိုစတာဒီဇိုင်းမှာတော့ ငှက်ပျောသီးကို မြင်ပေမဲ့ ငှက်ပျောသီး ရဲ့မျက်နှာပြင်အနေအထားကို ထိတွေ့ခံစားလို့မရတဲ့ အတွက် ထိတွေ့လို့ မရတဲ့ မျက်နှာပြင် အနေအထားလို့ ခေါ်နိုင်ပါတယ်။ ဒီပုံမှာဆိုရင် တော့ ငှက်ပျောသီးရဲ့ အခွံကိုပါ မာကျေောတဲ့ မျက်နှာပြင်အနေအထားအနေနဲ့ ခံစား ရအောင် သတ္ထု ပုံ မျက်နှာပြင်အနေအထား အခွံကိုပါ ထည့်သွင်းရေးဆွဲ ထားတာကို တွေ့နိုင်မှာပါ။ ပုံမှန်အားဖြင့်တော့ ဂရပ်ဖစ်ဒီဇိုင်းဟာ ထိတွေ့လို့ မရတဲ့ မျက်နှာပြင်အနေအထားတွေကို အသုံးများကြပါတယ်။
ဒါတွေကတော့ ဂရပ်ဖစ်ဒီဇိုင်းရဲ့ အခြေခံအစိတ်အပိုင်းတွေဖြစ်ပြီး ရိုးရှင်းတယ်လိုထင်ရပေမဲ့ လက်တွေ့ဒီဇိုင်းတွေ ရေးဆွဲတဲ့နေရာမှာတော့ ဒါတွေကိုသေချာကွဲပြားပြီး နားမလည်ဘူးဆိုရင်တော့ ကောင်းမွန်ပြီး စနစ်ကျတဲ့ ဒီဇိုင်းတစ်ခုကို ဖန်တီးနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒီဇိုင်းကိုလေ့လာမဲ့ ဒီဇိုင်နာတွေအနေနဲ့ တော့ အခြေခံပိုင်းကိုသေချာလေ့လာထားသင့်ပါတယ်။ ဒီအပတ်တော့ ဒီလောက်ဘဲဖြစ်ပြီး နောက်တစ်ခေါက်တော့ ဒီဇိုင်းသီအိုရီ ပုံသေနည်းတွေအကြောင်းကို ရေးသားသွားပါမယ်ခင်ဗျာ။ ဒီဆောင်ပါးနဲ့ပတ်သတ်တဲ့ အမြင်တွေကို လည်း အောက်မှာရှိတဲ့ Comment Box မှာ ၀င်ရောက်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။
Very good, for the basics like us, I would like to suggest that it is very useful to include clear points.
Thanks You☺