ဂရပ်ဖစ်ဒီဇိုင်းအခြေခံ
အပိုင်း ( ၂ ) - ပုံသေနည်းများ နှင့် ဟန်ချက်ညီမှု

ဒီနေ့တော့ ဂရပ်ဖစ်ဒီဇိုင်း အခြေခံ ဆောင်းပါးရဲ့ ဒုတိယပိုင်းဖြစ်တဲ့ ပုံသေနည်းတွေအကြောင်းကိုရေးသားသွားပါမယ်။ ပထမပိုင်း ကို မဖတ်လိုက်ရတဲ့ သူတွေအတွက်တော့ ဒီစာမျက်နှာ မှာသွားရောက်ဖတ်နိုင်ပါတယ်။

ကျွှန်တော်တို့ ဂရပ်ဖစ်ဒီဇိုင်းမှာ သက်ဆိုင်ရာ အခြေအနေပေါ်မူတည်ပြီး ပုံသေနည်းတွေ အမြောက်အများရှိပေမဲ့လည်း ဒီဆောင်းပါး အတွဲအနေနဲ့ကတော့ ဒီဇိုင်နာတိုင်းသိထားသင့်တဲ့ အခြေခံ ပုံသေနည်း ( ၇ ) မျိုးအကြောင်းကို ရေးသားပေးသွားပါမယ်ခင်ဗျာ။

အဲဒီအခြေခံပုံသေနည်း ( ၇ ) မျိုးကတော့

၁) ဟန်ချက်ညီမှု – ( Balance )
၂) လှုပ်ရှားမှု – ( Movement )
၃) ထပ်တလဲလဲဖြစ်မှု – ( Repetition )
၎) မတူခြားနားမှု – ( Contrast )
၅) ဦးစားပေးမှု – ( Emphasis )
၆) စည်းချက်ကျမှု – ( Rhythm )
၇) တစ်စုတစ်စည်းတည်းရှိမှု – ( Unity )

တို့ဘဲဖြစ်ပါတယ်။

 

၁ ) ဟန်ချက်ညီမှု

ဟန်ချက်ညီမှုဆိုတာ ကျွှန်တော်တို့ ပတ်ဝန်းကျင်မှာ တော့သိပ်မစိမ်းတဲ့ စကားလုံးပါ။ ဥပမာ – ဈေးထဲမှာ ဟင်းသွားဝယ်ရင်သုံးတဲ့ ချိန်ခွင်တို့ ၊ ကလေးတွေ ကစားကွင်းမှာ ဆော့တဲ့ စီးဆော( Seesaw ) တို့ တွေက ဟန်ချက်ညီမှုကို အကောင်းဆုံး အသုံးချထားတဲ့ ပစ္စည်းတွေဘဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒါတွေကတော့ ရုပ်ပိုင်းဆိုင်ရာ ဟန်ချက်ညီမှုဖြစ်ပြီး ကျွှန်တော်တို့ ဂရပ်ဖစ် ဒီဇိုင်းမှာသုံးတာကတော့ အမြင်ပိုင်းဆိုင်ရာ ဟန်ချက်ညီမှုတွေဘဲ ဖြစ်ပါတယ်။

အမြင်ပိုင်းဆိုင်ရာ ဟန်ချက်ညီမှု မှာတော့ အဓိကအားဖြင့် ( ၂ ) မျိုး ရှိပါတယ်။ အဲဒါတွေကတော့ –
၁.၁ ) အချိုးအစားတူ ဟန်ချက်ညီမှု ( Symmetrical Balance )
၁.၂ ) အချိုးအစားမတူ ဟန်ချက်ညီမှု ( Asymmetrical Balance ) တို့ ဖြစ်ပါတယ်။

 

၁.၁ ) အချိုးအစားတူ ဟန်ချက်ညီမှု

အချိုးအစားတူ ဟန်ချက်ညီမှု ဟာ ဟန်ချက်ညီမှုနဲ့ ပတ်သတ်ရင် အသုံးများတဲ့ ဟန်ချက်ညီမှုဖြစ်ပါတယ်။ အချိုအစားတူ ဟန်ချက်ညီမှု တွေဟာ အချိုးအစားကျပြီး လိုက်ဖက်ညီမှုရှိ သလို ရေးဆွဲရတာလည်း လွယ်ကူတဲ့ အတွက် အသုံးများကြပေမဲ့ ဒီဇိုင်းတစ်ခုရဲ့ ဆွဲဆောင်မှုနဲ့ အသက်ဝင်မှုအပိုင်းမှာ အားနည်းတဲ့ အတွက် ဖန်တီးမှုကို အဓိကဦးစားပေးတဲ့ နေရာတွေမှာတော့ အသုံးနည်းကြပါတယ်။ ဒါပေမဲ့လည်း သပ်သပ်ရပ်ရပ်နဲ့ ရှင်းရှင်းလင်းလင်း ဆက်သွယ်မှုပုံစံတွေကို ကြိုက်တဲ့ ရုံးပိုင်ဆိုင်ရာ ဒီဇိုင်းတွေ နဲ့ အချိန်လု အလုပ်လုပ်နေရတဲ့ နေရာ တွေမှာတော့ ဒီဟန်ချက်ညီမှုက အဆင်ပြေသလို အလုပ်လည်းတွင်ပါတယ်။အချိုးအစားညီ ဟန်ချက်ညီမှု ကိုတော့ အခြေခံအားဖြင့် ( ၃ ) မျိုးပြန်လည်ခွဲခြားထားပါတယ်။ အဲဒါတွေကတော့ –

၁.၁.၁) ထပ်တူညီ ဟန်ချက်ညီမှု – ( Reflection Symmetry )
၁.၁.၂ ) ဗဟို အခြေပြု ဟန်ချက်ညီမှု – ( Radial Symmetry )
၁.၁.၃ ) ဖြန့်ကျက် ဟန်ချက်ညီမှု – ( Mosaic Symmetry ) တို့ဖြစ်ပါတယ်။

 

၁.၁.၁) ထပ်တူညီ ဟန်ချက်ညီမှု

ဒီဇိုင်းတစ်ခုကို မည်သည့် ဒီဂရီတစ်ခုခုကမဆို တစ်ဝက်ပိုင်းဖြတ်ပြီး ကျန်ရှိတဲ့ အပိုင်းနှစ်ခုလုံးက ထပ်တူညီတယ်ဆိုရင်တော့ ထပ်တူညီ ဟန်ချက်ညီမှု လို့ခေါ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ဒီဇိုင်းတစ်ခုကို ဒေါင်လိုက် (သို့ ) အလျားလိုက်သာ ဖြတ်တဲ့ ထပ်တူညီဟန်ချက်ညီမှုမျိုးကိုအသုံးများကြပါတယ်။ ထပ်တူညီ ဟန်ချက်ညီမှုတွေကို တူညီတဲ့ အခြေအနေတွေကို ယှဉ်တွဲဖော်ပြတဲ့ အခါတွေ၊ ယှဉ်ပြိုင်မှုကို ဖော်ပြတဲ့ အခါတွေ နဲ့ ရိုးရှင်းပြီး သမရိုးကျဆန်တဲ့ ရုံးပိုင်း ဒီဇိုင်းလို ဟာမျိုးတွေမှာ အသုံးပြုဖို့သင့်တော်ပါတယ်။

 

ထပ်တူညီ ဟန်ချက်ညီမှုကို အသုံးပြုထားသော လက်ဝှေ့ ပွဲပိုစတာ တစ်ခု

၁.၁.၂) ဗဟိုအခြေပြု ဟန်ချက်ညီမှု

ဗဟိုအခြေပြု ဟန်ချက်ညီမှု ဒီဇိုင်းတွေကို အသုံးပြုတာ နည်းကြပေမဲ့လည်း ကိုယ်ဒီဇိုင်းထဲက တစ်ခုခုကို အားရုံစိုက်စေချင်တဲ့ နေရာမျိုး တွေနဲ့ ပင်မ အရင်းအမြစ် တစ်ခုကနေ ခွဲထွက်လာတဲ့ ဒီဇိုင်းပုံစံ မျိုးတွေ ရေးဆွဲ ရာမှာတော့ အသုံးဝင်တဲ့ ဟန်ချက်ညီမှုတစ်ခုပါဘဲ။ ဗဟိုအခြေပြု ဟန်ချက်ညီမှုတွေဟာ အမှတ်တစ်ခု ( သို့ ) ပုံသဏ္ဍန်တစ်ခုကနေ စက်ဝန်းပုံဏ္ဍန် ဖြန့်ထွက်(သို့) စုဝင်လာတဲ့ ဟန်ချက်ညီမှုတစ်ခုပါဘဲ။ ဗဟိုအခြေပြု ဟန်ချက်ညီမှုကိုတော့ Infographic လို့ခေါ်တဲ့ အချက်အလက်ပြ ဒီဇိုင်းတွေ နဲ့ ပိုစတာဒီဇိုင်း ရေးဆွဲရာတွေမှာ အသုံးများကြပါတယ်။

 

ဗဟိုအခြေပြု ဟန်ချက်ညီမှုကို အသုံးပြုထားသော Josef Muller Brockmann ၏ Beethoven ပိုစတာ

 

Josef Muller Brockmann ၏ Beethoven ပိုစတာ အခြေခံတည်ဆောက်မှုပုံစံ

 

ဗဟိုအခြေပြု ဟန်ချက်ညီမှုကို အသုံးပြုထားသော အချက်အလက်ပြ ဒီဇိုင်းပုံစံတစ်ခု

၁.၁.၃ ) ဖြန့်ကျက် ဟန်ချက်ညီမှု

ဖြန့်ကျက် ဟန်ချက်ညီမှုဆိုတာဟာ ဒီဇိုင်းတစ်ခုရဲ့ မတူညီတဲ့ နေရာတွေမှာ တူညီတဲ့ ဒီဇိုင်းအစိတ်အပိုင်းတွေ ထပ်ကာထပ်ကာ အသုံးပြုရာမှ ဖြစ်ပေါ်တဲ့ ဟန်ချက်ညီမှုပုံစံဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ဒီလိုဟန်ချက်ညီမှုပုံစံတွေကို ကြည့်မယ်ဆိုရင် သူ့မှာသုံးထားတဲ့ ဒီဇိုင်းအစိတ်အပိုင်းတွေရဲ့ ဆက်သွယ်မှုတွေကို မတွေ့သေးရင်တော့ ရှုပ်ထွေးတယ်လို့ထင်ရပါတယ်။ ဒါကြောင့် ဒီလို ဟန်ချက်ညီမှုပုံစံတွေကိုတော့ လုပ်ငန်းပိုင်းဆိုင်ရာ ဆက်သွယ်မှုပြုတဲ့ ဒီဇိုင်းတွေမှာ မသုံးကြဘဲ ပိုစတာ ဒီဇိုင်း လို ဒီဇိုင်းကိုဦးစားပေးတဲ့ နေရာတွေမှာ အသုံး များကြ ပါတယ်။

 

ဖြန့်ကျက် ဟန်ချက်ညီမှုကို အသုံးပြုထားသော ပိုစတာ ဒီဇိုင်းတစ်ခု

 

ဖြန့်ကျက် ဟန်ချက်ညီမှုကို အသုံးပြုထားသော ပိုစတာ ဒီဇိုင်းတစ်ခု

၁.၁ ) အချိုးအစားမတူ ဟန်ချက်ညီမှု

ဒီဟန်ချက်ညီမှုကို ဒီဇိုင်းနာတော်တော် များများက အသုံးပြုရတာ နှစ်သက်ကြပါတယ်။ ဒီဟန်ချက်ညီမှုဟာ အချိုးအစားတူ ဟန်ချက်ညီမှုလို ဒေါင်လိုက် (သို့ ) အလျားအလိုက် တိုက်ရိုက်အချိုးကျတာမျိုး မဟုတ်ဘဲ ဒီဇိုင်းအစိတ်အပိုင်းတွေဖြစ်တဲ့ အရွယ်အစားတို့ အရောင်တို့ စတာတွေ ကနေ တစ်ဆင့် ဟန်ချက်ညီ အောင် ပြုလုပ်တာဖြစ်တာကြောင့် ပိုပြီး အသက်ဝင်သလို စိတ်ဝင်စားစရာလည်းကောင်းပါတယ်။ ဒါပေမဲ့ ဒီဟန်ချက်ညီမှုကို အသုံးပြုဖို့တော့ ထိုက်သင့်တဲ့ ဒီဇိုင်းအခြေခံရှိရမှာဖြစ်သလို ရေးဆွဲရတဲ့ အချိန်ကလည်း အချိုးအစားတူ ဟန်ချက်ညီမှုထက် ပိုပြီး ကြာပါတယ်။ ဒါကြောင့် ဖန်တီးမှုကို အသားပေးရတဲ့ အလုပ်တွေမှာတော့ ပိုပြီး သင့်တော်ပါတယ်။

 

အချိုးအစား မတူဟန်ချက်ညီမှုကို အသုံးပြုထား သော ပိုစတာ ဒီဇိုင်းတစ်ခု

အပေါ်ကပိုစတာဒီဇိုင်းမှာဆိုရင်တော့ အ၀ါရောင် အောက်ခံ ပေါ်က အဖြူရောင် မျဉ်းထောင့် နှစ်ခုကို အနက်ရောင် မျဉ်းထာင့်နှစ်ခုတဲ့ ဟန်ချက်ညီအောင်ထိန်းထားတာကိုတွေနိုင်မှာပါ။ နောက်ထပ်ပြီးတော့ ပိုစတာရဲ့ ခေါင်းစဉ် နဲ့ အကြောင်းအရာတွေ ကိုတော့ အာရုံစိုက်မှုရအောင် အနက်ရောင်မျဉ်း ထောင့်နှစ်ခုရဲ့ အလယ်မှာရေးသားထားတာကိုတွေနိုင်မှာပါ။ ဒီပိုစတာမှာတော့ စာတွေရယ်၊ အဖြူမျဉ်း တစ်ကြောင်း နဲ့ အနက်မျဉ်းတစ်ကြောင်းရယ်က ပိုစတာအပေါ်ပိုင်းမှာ ရှိပေမဲ့ အမြင်ပိုင်းဆိုင်ရာ ဟန်ချက်ပျက်သွားတာ မရှိဘဲ အချိုးကျတဲ့ ဒီဇိုင်းတစ်ခုအနေနဲ့ ရှိနေတာတွေ့ရမှာပါ။ ဒီလိုဖြစ်ရခြင်းရအကြောင်းတွေ ကတော့

၁) အရောင့်ရင့်တွေဟာ အရောင်ဖျော့တွေထက် အမြင်ပိုင်းဆိုင်ရာမှာပိုပြီးလေးလံတဲ့ သဘောရှိပါတယ်။ ဒါကြောင့် ပုံမှာဆိုရင် အနက်ရောင်မျဉ်းတွေက အဖြူရောင်မျဉ်းတွေထက်ပိုပြီးတော့ လေးလံတဲ့သဘောရှိပါတယ်။ ဒါကြောင့် ပုံရဲ့ အပေါ်ဘက်က အနက်ရောင်မျဉ်းက ပုံရဲ့အောက်က အနက်ရောင်မျဉ်းထက် ပိုတိုတဲ့ အတွက် ပုံရဲ့အောက်ပိုင်းကပိုမိုလေးလံတဲ့ သဘောမျိုးသက်ရောက်နေပါတယ်။ ဒါကြောင့် စာတွေရေးသားခြင်း ဖြင့်ဟန်ချက်ကို ထိမ်းညှိပေးတဲ့ သဘောမျိုးဖြစ်သွားပါတယ်။

၂) ဒီနေရာမှာ ပြောစရာတစ်ခုရှိတာက ပိုစတာခေါင်းစဉ်တစ်ခုထဲတင်မဟုတ်ဘဲ ဒီပြင့် အချက်အလက်တွေပါ ရေးသားထားတဲ့အတွက် ပိုစတာရဲ့အပေါ်ပိုင်းက ပိုလေးလံသွားမယ်ထင်တယ်လို့ပြောစရာတော့ ရှိပါတယ်။ ဒါပေမဲ့လည်း ကျွှန်တော်တို့ စိတ်တွေဟာ စာရွက်တစ်ရွက်ရဲ့ အပေါ်ဘက်မှာ ရှိတဲ့ အမည်းရောင် အစက်စက်ဝိုင်းတစ်ခုနဲ့ အောက်ဘက်မှာရှိတဲ့ အရွယ်တူ အမည်းရောင်စက်ဝိုင်းတစ်ခု ဘယ်ဟာကပိုလေးတယ်လို့ ခံစားရလဲလို့ မေးမယ်ဆိုရင် အောက်ဘက်က ဟာကပိုလေးတယ်လို့ ခံစားကြရပါတယ်။ ဒါကတော့ ကမ္ဘာမြေကြီးရဲ့ ဆွဲအားနဲ့ ပတ်သတ်တဲ့ လူတွေရဲ့စိတ်ခံစားမှုဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့်ဘဲ ခေါင်းစဉ်နဲ့ အကြောင်းရာတွေကို ပိုစတာရဲ့ အပေါ်ဘက်မှာ ရေးသားထားပေမဲ့လဲ ပိုစတာဒီဇိုင်းကို ဟန်ချက်ညီတယ်လို့ခံစားနေရတာဖြစ်ပါတယ်။ တကယ်လို့သာ ဒီပုံစံအတိုင်းဘဲ ဒီဇိုင်းကို အပေါ်အောက်ပြောင်းပြီး ခေါင်းစဉ်ကိုနဲ့ အကြောင်းအရာတွေကို အောက်ဘက်မှာရေးခဲ့မယ်ဆိုရင်တော့ ဟန်ချက်ညီတယ်လို့ ခံစားရမှာမဟုတ်တော့ပါဘူး။

 

အပေါ်ကပိုစတာဒီဇိုင်းမှာ ဆိုရင်တော့ မင်းသားဖြစ်တဲ့ Ryan Reynolds ကို အဓိကဇာတ်ဆောင်မှန်း ပေါ်လွင်အောင် ဘယ်ဘက်မှာ အရွယ်အစားကိုကြီးပြီးထည့်ထားတာကြောင့် သူနဲ့ဟန်ချက်ညီအောင် ညာဘက်မှာတော့ သူ့ထက်အရွယ်အစားသေးတဲ့ Green Lantern သုံးယောက်ကိုထည့်ထားတာကိုတွေ့နိုင်မှာပါ။ ဒါကလည်း အချိုးမတူ ဟန်ချက်ညီမှုကို အသုံးပြုထားတဲ့ ပိုစတာဒီဇိုင်းတစ်ခုဖြစ်ပြီး တစ်ကယ်လို့သာ Ryan Reynolds ရဲ့ဘေးမှာ သူနဲ့အရွယ်အစားတူ Green Lantern တစ်ယောက်သာထည့်ခဲ့မယ်ဆို Ryan Reynolds ကိုအဓိကဇာက်ဆောင်အနေနဲ့ ပေါ်လွင်တော့မှာမဟုတ်ပါဘူး။

ဒါတွေကတော့ ဂရပ်ဖစ်ဒီဇိုင်း အခြေခံ ပုံသေနည်း တွေထဲက တစ်ခုဖြစ်တဲ့ ဟန်ချက်ညီမှု ရဲ့ အကြောင်း အကျဉ်းချူံဖြစ်ပြီး အားလုံးအတွက် ဖတ်ရတာ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ ဒီဆောင်းပါးနဲ့ ပတ်သတ် တဲ့အကြောင်းအရာ နဲ့ ထင်မြင်ချက်တွေကိုလည်း အောက်မှာရှိတဲ့ Message Box ထဲမှာဝင်ရောက် ဆွေးနွေးနိုင်ပါတယ်။ နောက်တစ်ခေါက်တော့ နောက်ထပ် ပုံသေနည်း တစ်ခုဖြစ်တဲ့ လှုပ်ရှားမှုအကြောင်းကို ရေးသားပေးသွားပါမယ်ခင်ဗျာ။ အားလုံးအတွက် မင်္ဂလာရှိတဲ့ နေ့လေးတစ်နေ့ဖြစ်ပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *

Post comment