ဂရပ်ဖစ်ဒီဇိုင်းအခြေခံ အပိုင်း ( ၃ ) – လှုပ်ရှားမှု

ဂရပ်ဖစ်ဒီဇိုင်းအခြေခံ ဆောင်းပါးတွဲရဲ့ တတိယပိုင်း အနေ ဒီဇိုင်းပုံသေနည်းတွေထဲက တစ်ခုဖြစ်တဲ့ လှုပ်ရှားမှု ( Movement ) တွေအကြောင်းရေးသားသွားပါမယ်။ အရင်အပိုင်းတွေ မဖတ်ခဲ့ရသေးဘူးဆိုရင်တော့ ဒီအောက်က Link တွေမှာ သွားပြီးဖတ်နိုင်ပါတယ်။

အပိုင်း ( ၁ ) – ဂရပ်ဖစ်ဒီဇိုင်း အစိတ်အပိုင်းများ
အပိုင်း ( ၂ ) – ဂရပ်ဖစ်ဒီဇိုင်း ပုံသေနည်းများနှင့် ဟန်ချက်ညီမှု

 

လှုပ်ရှားမှု ( Movement )

လှုပ်ရှားမှုတွေကိုတော့ ဂရပ်ဖစ်ဒီဇိုင်းမှာပုံစံ နှစ်မျိုးနဲ့တွေ့နိုင်ပါတယ်။ ထို နှစ်မျိုးကတော့ –

၁) ပုံသဏ္ဍာန်အရ လှုပ်ရှားမှု
၂) အမြင်ပိုင်းအရ စီးမျောမှု ဆိုပြီး နှစ်မျိုးရှိပါတယ်။

 

၁) ပုံသဏ္ဍာန်အရ လှုပ်ရှားမှု

ပုံသဏ္ဍာန်အရ လှုပ်ရှားမှုဆိုတာကတော့ ဒီဇိုင်းတစ်ခုမှာရှိတဲ့ ဒီဇိုင်းအစိတ်အပိုင်းတွေကနေ ပုံဖော်တဲ့ လှုပ်ရှားမှုပုံစံမျိုးကိုပြောတာဖြစ်ပါတယ်။ ပုံသဏ္ဍာန်အရ လှုပ်ရှားမှုတွေကို ပုံမှန်အားဖြင့် ၃ မျိုးခွဲခြားနိုင်ပါတယ်။အဲဒါတွေကတော့ –

၁.၁) အရိပ်ယောင်ပြလှုပ်ရှားမှု
၁.၂) အရှိန်ပြ လှုပ်ရှားမှု
၁.၃) ဆင့်ကဲ့ လှုပ်ရှားမှု ဆိုပြီးဖြစ်ပါတယ်။

 

၁.၁) အရိပ်ယောင်ပြ လှုပ်ရှားမှု

အရိပ်ယောင်ပြလှုပ်ရှားမှု ဆိုတာဟာ အရာဝတ္ထု၊ သတ္တ၀ါ (သို့) လူတွေ လှုပ်ရှားမှုတစ်ခုခု ပြုလုပ်နေစဉ်နဲ့ ပြုလုပ်ခါနီး (သို့) အခြေအနေတစ်ခုခု ဖြစ်ပျက်ခါနီး ပုံတွေကို ဒီဇိုင်းတစ်ခုမှာအသုံးပြု တာကို ဆိုလိုတာပါ။ အဲလိုမျိုးဒီဇိုင်းတစ်ခုဟာ ဒီဇိုင်နာရဲ့ အသုံးပြုပုံ နဲ့ ကြည့်ရှုသူရဲ့ ယခင်က ကြုံတွေ့ဖူးတဲ့ အတွေ့အကြုံပေါ်မူတည်ပြီးတော့ သက်ဆိုင်ရာခံစားချက်ကိုပေးစွမ်းနိုင်ပြီး အသက်ဝင်တဲ့ ဒီဇိုင်းတစ်ခုကိုလည်း ဖြစ်စေပါတယ်။

 

အပေါ်ကဒီဇိုင်းပုံကတော့ ဘိလပ်မြေကြေငြာတစ်ခုဖြစ်ပြီးတော့ ဘိလပ်မြေရဲ့ ခိုင်ခံမှုကိုဖော်ပြတဲ့အနေနဲ့ အဆောက်အုံတွေကိုဖျက်တဲ့အခါမှာ သုံးတဲ့ သံလုံးနဲ့ ဖျက်တာတောင်မှ သံလုံးသာ ကြေမွသွားပုံကို ရေးဆွဲထားတာကိုတွေ့နိုင်ပါတယ်။ ဒီနေရာမှာတော့ သံလုံးတွေဟာ ဘယ်လောက်မာကြောတယ်ဆိုတာကို ကြည့်ရှုသူတွေရဲ့ တွေ့ကြုံဖူးတဲ့ အတွေ့အကြုံအရ သိပြီးသားဖြစ်တာကြောင့် ဘိလပ်မြေရဲ့ ခိုင်ခံမှုကိုပေါ်လွင်စေသလို၊ သံလုံးကိုသီးသန့်ပြတာမျိုးမဟုတ်ဘဲ ဘိလပ်မြေအိတ်ကို ဖျက်နေတဲ့ အရိပ်ယောင်ပြ လှုပ်ရှားမှု ကိုအသုံးပြုထားတဲ့အတွက် ပိုပြီးအသက်ဝင်သလို နားလည်ရလည်း လွယ်သွားစေပါတယ်။

 

 

အပေါ်က Gravity ရုပ်ရှင်ကားရဲ့ ပိုစတာမှာတော့ အာကာသယာဉ်မှုးနဲ့ အာကာသယာဉ်နဲ့ အဆက်သွယ်ပျက်တဲ့ အရိပ်ယောင်ပြ လှုပ်ရှားမှု ကိုအသုံးပြုရေးဆွဲထားတာကိုတွေ့နိုင်မှာပါ။ ဒီပုံမှာတော့ အာကာသယာဉ်ကို ကမ္ဘာဘက်အခြမ်းမှာထားပြီးတော့ အာကာသယာဉ်မှုးကို အာကာသလေဟာနယ်ဘက်မှာထားပြီးတော့လည်း အာကာသယာဉ်မှုးရဲ့ အကူညီမဲ့မှုကိုပိုပြီးအသက်ဝင်အောင်ရေးဆွဲထားတာကို တွေ့နိုင်မှာပါ။

၁.၂) အရှိန်ပြ လှုပ်ရှားမှု

အရှိန်ပြ လှုပ်ရှားမှုဆိုတာကတော့ အရာဝတ္ထုတွေ အရှိန်အဟုန် နဲ့ ရွှေ့ လျားတဲ့အခါ ပတ်ဝန်းကျင်က မြင်ကွင်းတွေ ဝေးဝါးသွားတဲ့ လှုပ်ရှားမှုမျိုးကို ဒီဇိုင်းမှာထည့်သွင်းအသုံးပြုတာကိုခေါ်တာ ဖြစ်ပါတယ်။ ဒီလိုလှုပ်ရှားမှုမျိုးကို တော့ အရှိန်အဟုန်ကို ပြချင်တဲ့ နေရာမျိုးတွေမှာအသုံးပြုကြပါတယ်။

 

 

အပေါ်ကပိုစတာမှာတော့ ဘေးမှာရှိတဲ့ မှုန်ဝါးနေတဲ့ အဆောက်အအုံတွေနဲ့ အရှိန်ကို ပြတဲ့ အဖြူရောင်မျဉ်းတွေကတော့ ကားတွေရဲ့ အရှိန်အဟုန် ရွှေ့လျားနေတဲ့ ခံစားမှုမျိုးကို ပေါ်လွင်စေပါတယ်။ အဲဒါတွေသာ မပါဘူးဆိုရင်တော့ ကားတွေကို သွားနေတယ်ဆိုတဲ့ ခံစားမှုမျိုးကိုခံစားနိုင်မှာ မဟုတ်ပါဘူး။

 

 

ဒီပိုစတာမှာတော့ လမ်းပေါ်မှာနဲ့ ကားတွေရဲ့ ဘေးဘက်မှာရှိတဲ့ အဖြူ၊ အနီ နဲ့ အပြာ မျဉ်းတွေကို အရှိန်ပြ လှုပ်ရှားမှုပုံစံ အသုံးပြုထားတာအကိုတွေနိုင်ပါတယ်။

၁.၃) ဆင့်ကဲ့ လှုပ်ရှားမှု

လှုပ်ရှားမှုတွေကို ပြသရာမှာ တူညီတဲ့ပုံရိပ်တွေကို မတူညီတဲ့ ကိုယ်ဟန်(သို့) ပုံစံ အေနအထား ဖြင့် ထပ်တူ (သို့) ဆက်တိုက်ပြသတာကို ဆင့်ကဲလှုပ်ရှားမှု လို့ခေါ်ပါတယ်။ ဒီလိုလှုပ်ရှားမှုပုံစံတွေကိုတော့ လှုပ်ရှားမှု လမ်းညွှန်ဒီဇိုင်း ( ဥပမာ လေ့ကျင့်ခန်း ပိုစတာ ) (သို့) လှုပ်ရှားမှုကို အသားပေးတဲ့ အက တို့ တိုက်ခိုက်ရေး ပိုစတာတို့ တွေနဲ့ ခံစားမှုပြောင်းလဲပုံကို ပြတဲ့ နေရာတွေမှာ အသုံးပြုကြတာကို တွေ့နိုင်ပါတယ်။

 

 

ဒီပိုစတာမှာဆိုရင်တော့ သာယာမှုနဲက ၀မ်းနည်းမှုကို ဆင့်ကဲလှုပ်ရှားမှုကို အသုံးပြုပြီး ရေး ဆွဲထားတာကိုတွေ့နိုင်မှာပါ။

 

 

ဒါကတော့ ကကွက်တွေကို ဖော်ပြဖို့အတွက် ဆင့်ကဲ လှုပ်ရှားမှုဒီဇိုင်းကို အသုံးပြုထားတဲ့ ပိုစတာဒီဇိုင်းတစ်ခုဖြစ်ပါတယ်။

၂) အမြင်ပိုင်းအရ စီးမျောမှု

အမြင်ပိုင်းအရ စီးမျောမှုကတော့ ပုံသဏ္ဍာန်အရ လှုပ်ရှားမှုလို၊ လှုပ်ရှားမှုတွေကို ပုံသဏ္ဍာန်နဲ့ ဖော်ပြတာမဟုတ်ဘဲ ဒီဇိုင်းအစိတ်အပိုင်း တစ်ခုကနေ နောက်တစ်ခုကို ကြည့်တဲ့ အကြည့်ရဲ့ စီးမျောမှု ကိုဆိုလိုတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ကိုယ့်ဒီဇိုင်းမှာ ဘာပြီးရင်ဘာကြည့် တယ်ဆိုတာကို ဒီဇိုင်နာတွေဘက်ကနေ လူများစုရဲ့ အမူအကျင့်တွေကို မူတည်ပြီး ခွဲခြားထားတဲ့ စီးမျောမှုဖြစ်ပါတယ်။ အမြင်ပိုင်းဆိုင်ရာ စီးမျောမှုတွေကိုတော့ အကြမ်းအားဖြင့် အပိုင်း ၂ ပိုင်းပြန်ခွဲနိုင်ပါတယ်။ အဲဒါတွေကတော့ –

၂.၁) ဒီဇိုင်းပုံစံ အသားပေး စီးမျောမှု
၂.၂) စာလုံးပုံစံ အသားပေး စီးမျောမှု တို့ဖြစ်ပါတယ်။

 

၂.၁) ဒီဇိုင်းပုံစံ အသားပေး စီးမျောမှု

ဒီဇိုင်းပုံစံ အသားပေး စီးမျောမှု ဆိုတာကတော့ ဒီဇိုင်းကိုအသားပေးတဲ့ ပိုစတာဒီဇိုင်းတွေ၊ စာအုပ်အဖုံးဒီဇိုင်းလို ဒီဇိုင်းတွေ မှာ အသုံးပြုတဲ့ အမြင်ပိုင်းဆိုင်ရာ စီးမျောမှု တစ်ခု ဖြစ်ပါတယ်။ ဒီလို ဒီဇိုင်းပုံစံ အသားပေး စီးမျောမှုမျိုးကို တင်ဆက်ဖို့ဆိုရင်တော့ ပုံမှန်အားဖြင့် အသုံးများတဲ့ ပုံစံတွေကတော့ –

၁) အရွယ်အစားအကြီးအသေး ဖြင့် အရေးကြီးသည့်အပိုင်းကိုထင်ရှားစေခြင်း
၂) နေရာလွတ်တွေကို စနစ်တကျအသုံးပြုခြင်း
၃) အရောင်ခြားနားမှုကို စနစ်တကျသုံးခြင်း
၎) ဒီဇိုင်းထဲမှာ လူ(သို့) သတ္တ၀ါပုံပါရင် မျက်လုံးတွေရဲ့အကြည့်ကို စာပိုဒ်တွေ၊ အကြောင်းအရာတွေရှိရာ ကိုဘဲ မျက်နှာမူစေခြင်း (သို့) ကြည့် ရှုသူဘက်သာ မျက်နှာမူစေခြင်း
၅) ပုံသဏ္ဍာန်တစ်ခုကနေ ပုံသဏ္ဍာန်တစ်ခုကို လမ်းညွှန်နိုင်တဲ့ မြား၊ တြိဂံ သို့ လမ်းညွှန်ပုံဏ္ဍာန် တစ်ခုခုကို အသုံးပြုခြင်း

စသဖြင့် ဂရပ်ဖစ်ဒီဇိုင်းအခြေခံအစိတ်အပိုင်းတွေနဲ့ ပုံသေနည်းတွေကို သင့်တော်သလို တွဲစပ်အသုံးပြုရင်း ဒီဇိုင်းပုံစံအသားပေး စီးမျောမှုတွေကိုဖန်တီးနိုင်ပါတယ်။

 

၂.၂) စာလုံးပုံစံ အသားပေး စီးမျောမှု

စာလုံးပုံစံ အသာပေးစီးမျောမှု တွေကိုတော့ စာလုံးတွေနဲ့ အကြောင်းရာတွေကို အသားပေးတဲ့ မဂ္ဂဇင်း စာမျက်နှာ ဒီဇိုင်းတို့ ၊ စာအုပ် ဒီဇိုင်းတို့ ၊ ဂျာနယ်ဒီဇိုင်း ၊ ဆောင်းပါးဒီဇိုင်းတို့ ၊ ၀က်ဒ်ဆိုဒ်ဒီဇိုင်း တို့တွေမှာ အသုံးပြုနိုင်ပါတယ်။ ပုံမှန်အားဖြင့် လူတွေရဲ့ အာရုံစိုက်ပုံ နဲ့ တုံပြန်ပုံကို အခြေခံပြီး ယနေ့အထိတော့ ပုံစံ ၃ မျိုးခွဲခြားထားပါတယ်။ အဲဒါတွေကတော့ –

၂.၂.၁) ဂူတန်ဘတ် စီးမျောမှု
၂.၂.၂) F ပုံသဏ္ဍာန် စီးမျောမှု
၂.၂.၃) Z ပုံသဏ္ဍာန် စီးမျောမှု တို့ဘဲဖြစ်ပါတယ်။

မှတ်ချက် – ဒီစီးမျောမှုသုံးခုလုံးဟာ စာတွေကို ဘယ်ဘက်ကနေ ညာဘက်ကို ဖတ်တဲ့ အလေ့အကျင့်ရှိတဲ့ ဘာသာရပ်တွေအတွက် အဓိကထားတာ ကြောင့် ညာဘက်ကနေ ဘယ်ဘက်ကိုဖတ်တဲ့ ဘာသာရပ်အတွက်တော့ ဘယ်ဘက်နှင့်ညာဘက်ကို ပြောင်းပြန် ယူဆရမှာဖြစ်ပါတယ်။

 

၂.၂.၁) ဂူတန်ဘတ် စီးမျောမှု

ဂူတန်ဘတ် စီးမျောမှု ဆိုတာကတော့ ရွှေ့လျားနိုင်တဲ့ ပုံနိုပ်စာလုံးတွေကို စတင်တီထွင်ခဲ့တဲ့ Johannes Gutenburg စတင်သုံးနူန်းခဲ့ တဲ့ စနစ်ဖြစ်လို့ ဂူတန်ဘတ်စီးမျောမှုလို့ ခေါ်တာဖြစ်ပါတယ်။ဒီစီးမျောမှုကို ဒီဇိုင်းတစ်ခုလုံးမှာ ခွဲထွက်ပြီး ထင်ရှားနေတဲ့ ဒီဇိုင်း အစိတ်အပိုင်းမရှိတဲ့ ဒီဇိုင်းမျိုးမှာ အသုံးပြုဖို့သင့်တော်ပါတယ်။ ဥပမာ – မဂ္ဂဇင်း ( သို့ ) ဂျာနယ်ဆောင်းပါးတွေ နဲ့ ရှင်းလင်းတဲ့ Web Design တွေမှာတွေ့နိုင်ပါတယ်။ ဂူတန်ဘတ် စီးမျောမှုဟာ စာရွက်(သို့) ဒီဇိုင်းတစ်ခုကို အပိုင်း ( ၄ ) ပိုင်း ခွဲပြီး ဖွဲ့စည်းထားပါတယ်။

 

 

ထိုအပိုင်း ( ၄ ) ပိုင်းကတော့ အပေါ်ကပုံမှာ ပြထားတဲ့အတိုင်းဘဲ –

၁) ပင်မအပိုင်း
၂) အရံအားကောင်းသည့် အပိုင်း
၃) အရံအားပျော့သည့်အပိုင်း
၎) အဆုံးသတ်အပိုင်း စသည်တို့ဖြစ်ပါတယ်။

ပုံမှန်အားဖြင့်တော့ ဒီလိုစီးမျောမှုကို ကြည့်တဲ့အခါ ခွဲထွက်ထင်ရှားနေတဲ့ ဒီဇိုင်းအစိတ် အပိုင်းမရှိဘူးဆိုရင်တော့ ပင်မအပိုင်းကိုဘဲ ကြည့်တတ်ပါတယ်ပြီးရင်တော့ အပိုင်း ၁, ၂, ၃, ၎င်း ဆက်တိုက်ကြည့်ကြပါတယ်။ ဒီနေရာမှာ အမျဉ်းပိုင်းဆိုင်ရာ ဆွဲအားမျဉ်းအတိုင်းဘဲ အပေါ်ဆုံးမှာဆို ပင်မအပိုင်းကို အဓိကထား ကြည့်ရာကနေ တဖြည်းဖြည်းအောက်ကိုရောက်တာနဲ့ ထိုမျဉ်းအတိုင်းဘဲ ဘယ်ဘက်ကနေ ညာဘက်ကို အာရုံစိုက်လာကြပါတယ်။ ဒါကြောင့် အပိုင်း ၂ နဲ့ ၃ ကတော့ အာရုံစိုက်မှု အနည်းငယ်သာ ရကြပြီး အပိုင်း ၄ မှာတော့ ကြည့်ရှုသူ ကို ဆက်လက် ဆောင်ရွက်စေလိုတဲ့ အကြောင်းအရာတွေကို ထည့်သွင်းတတ်တာကိုတွေ့နိုင်ပါတယ်။ ဥပမာ – ဆောင်းပါးမှာဆို ဆက်လက် ဖတ်ရှုလိုပါက စာမျက်နှာ ဘယ်လောက်ကိုသွားပါဆိုတာမျိုး နဲ့ Website တွေဘာတွေဆိုရင်တော့ CTA ( call-to-action ) လို့ခေါ်တဲ့ အသုံးပြုသူရဲ့ တုံပြန်မှုကို ဆွဲဆောင်တဲ့ ခလုတ်တွေ၊ ဆက်သွယ်ရန် အချက်အလက်တွေ စသည်ဖြင့်တွေ့နိုင်ပါတယ် ။

 

 

အပေါ်က Facebook ရဲ့ ပင်မစာမျက်နှာမှာတော့ ပင်မအပိုင်းမှာ Facebook လိုဂိုကို တွေ့ နိုင်ပြီး၊ အရံအားကောင်းအပိုင်းမှာတော့ သုံးစွဲဖူးတဲ့လူအနေနဲ့ ၀င်ရောက်သုံးစွဲ ဖို့ အချက်အလက်ဖြည့်တဲ့နေရာ နဲ့ အသုံးပြုသူအသစ်အတွက် စာရင်းသွင်းဖို့ ဖောင်ကိုတွဲ တွေ့ နိုင်ပြီး၊ အရံအားပျော့ပိုင်းမှာတော့ အောက်ခံအရောင်က လွဲပြီး ဘာမှ မရှိတာကိုတွေ့ နိုင်ပါတယ်။ အဆုံးသတ်အပိုင်းမှာတော့ အသုံးပြုသူအသစ်အတွက် ဖောင်တင်ဖို့ ခလုတ်ကိုတွေ့ နိုင်ပါတယ်။

 

၂.၂.၂) F ပုံဏ္ဍာန် စီးမျောမှု

ဒီပုံစံ စီးမျောမှုတွေကိုတော့ Website တွေကိုကြည့် တဲ့ အခါတွေ့နိုင်ပါတယ်။ ဒီ စီးမျောမှုကိုတော့ Jacob Nielsen လို့ခေါ်တဲ့ လူတွေအသုံးပြုရ လွယ်အောင် ညိုနှိုင်းပေးရတဲ့ Usability Consultant နဲ့ အဖွဲ့က Website တွေမှာလူတွေဘယ်လိုကြည့်ရှုတယ်ဆိုတာ ကို လေ့လာရင်းနဲ့ သတိပြုမိ ခဲ့တာပါ။ ဒီလိုကြည့်တဲ့ပုံစံကို တိုင်းတာထားတဲ့ အချက်အလက်တွေကို Heat Map တွေသုံးပြီးတော့ ပြကြပါတယ်။

 

F ပုံသဏ္ဍာန် စီးမျောမှု

 

F ပုံသဏ္ဍာန်စီးမျောမှု Heat Map နမူနာ

 

အပေါ်ကပုံကတော့ Nielsen နဲ့ အဖွဲ့ က တင်ပြခဲ့တဲ့ လူတွေရဲ့ Website ဒီဇိုင်းတစ်ခုကိုကြည့်တဲ့အခါ F ပုံသဏ္ဍာန်စီးမျောမှု Heat Map ဖြစ်ပါတယ်။ အကြည့်အများဆုံးနေရာတွေကတော့ အနီရောင်နဲ့ ပြပြီး အကြည့် အနည်းဆုံး နေရာကတော့ အပြာရောင်နဲ့ ပြပါတယ်။ F ပုံသဏ္ဍာန်စီးမျောမှု လို့ပြောတဲ့အတိုင်း
လူတွေဟာ Website တွေကိုကြည့်တဲ့ အခါ ပေါ်ဆုံးကနေ စပြီး ဘယ်ဘက်ကနေ ညာဘက်ကို တော်တော်များများကြည့် ကြပေမဲ့ အောက်ရောက်လာတာနဲ့အမျှ ဘယ်ဘက်အခြမ်း ရဲ့ အနည်းငယ်လောက်ကို သာ အာရုံစိုက်ကြတော့ တာကိုတွေ့နိုင်ပါတယ်။ ဒါကတော့ လူတွေဟာ သတင်းတို့ Website တို့ကိုကြည့်တဲ့ အခါ အကြမ်းဖြင်း ခြုံပြီးကြည့်တတ်ကြတဲ့ အလေ့အကျင့်ရှိတာကြောင့်ပါ။ ဒါကြောင့် လူတွေမြင်ရတဲ့ ခေါင်းစီးပိုင်းမှာ စိတ်ဝင်စားဖို့ ကောင်းတဲ့ ခေါင်းစီးနဲ့ အမြင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှုရှိတဲ့ ပုံတွေ ( သို့ ) ဒီဇိုင်းအစိတ်အပိုင်း တစ်ခုခု ကို သုံးရင်းနဲ့ စိတ်ဝင်စားမှု ပိုမိုရရှိအာင် ဆွဲဆောင်နိုင်ပါတယ်။

၂.၂.၃) Z ပုံသဏ္ဍာန်စီးမျောမှု

Zပုံသဏ္ဍာန် စီးမျောမှု ဆိုတဲ့ အတိုင်း လူတွေရဲ့ အကြည့် ဟာ Z ပုံဏ္ဍာန်ရွှေ့လျားသွားတာကို ပြောတာဖြစ်ပါတယ်။Zပုံသဏ္ဍာန် စီးမျောမှုဟာ ဂူတန်ဘက် စီးမျောမှု နဲ့ အလားသဏ္ဍာန်တူပေမယ့် ကွဲပြားတာကတော့ သူရဲ့ အပိုင်း ၂ နဲ့ အပိုင်း ၃ နှစ်ပိုင်းလုံးကိုပါ အာရုံစိတ်မှုအတူတူနဲ့ ကြည့်သွားတယ်လို့ မှတ်ယူထားတာပါ။ဂူတန်ဘက်စီးမျောမှုမှာတော့ ဒီအပိုင်းတွေဟာ အရံအပိုင်းတွေဖြစ်ပါတယ်။ အများအားဖြင့်တော့ ရိုးရှင်းတဲ့ Website ဒီဇိုင်းတွေမှာတွေ့ နိုင်ပါတယ်။

 

z ပုံဏ္ဍာန် စီးမျောမှု ပုံစံ

 

 

အထက်ပါ စီးမျောမှု ၃ ခုကတော့ လူတွေရဲ့ ခွဲထွက်ထူခြားမှုမရှိတဲ့ ဒီဇိုင်းတွေကိုကြည့်တဲ့ အခါ တုန့်ပြန်တတ်တဲ့ အမူအကျင့်တွေကို အခြေခံပြီးခွဲခြားထားတာဖြစ်ပါတယ်။ တကယ်လို့ဒီဇိုင်းရဲ့ တစ်နေရာရာမှာ အာရုံစိုက်မှုကို အသားပေးထားတဲ့ ဒီဇိုင်းအစိတ်အပိုင်း တစ်ခုခုရှိမယ်ဆိုရင်တော့ သူ့ ရဲ့ စီးမျောမှုက အဲဒီ အစိတ်အပိုင်းကို မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။

ဒါတွေကတော့ ဂရပ်ဖစ်ဒီဇိုင်းအခြေခံ ပုံသေနည်းတွေထဲက လှုပ်ရှားမှု နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေဖြစ်ပြီး နောက်တစ်ပတ် အပိုင်းမှာတော့ ပုံသေနည်း နောက်တစ်မျိုးဖြစ်တဲ့ ထပ်တလဲလဲဖြစ်မှုအကြောင်းကိုရေးသားပေးသွားပါမယ်ခင်ဗျ။ ယခုဆောင်းပါးနဲ့ပတ်သတ်ပြီး သိချင်တာ ဆွေးနွေးချင်တာတွေရှိရင်လည်း ယခုဆောင်းပါးအောက်က Message Box မှာဝင်ရောက်ဆွေးနွေး နိုင်ပါတယ်ခင်ဗျာ။ အားလုံးလည်း မင်္ဂလာရှိတဲ့ နေ့ရက်ကို ပိုင်ဆိုင်နိုင်ကြပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *

Post comment