ဂရပ်ဖစ်ဒီဇိုင်းအခြေခံ
အပိုင်း ( ၄ ) – ထပ်တလဲလဲဖြစ်မှု
ဂရပ်ဖစ်ဒီဇိုင်းအခြေခံ ဆောင်းပါးတွဲရဲ့ စတုတ္ထပိုင်းအနေနဲ့ ဒီဇိုင်းပုံသေနည်းတွေထဲက တစ်ခုဖြစ်တဲ့ ထပ်တလဲလဲဖြစ်မှု ( Repetition ) တွေအကြောင်းရေးသားသွားပါမယ်။ အရင်အပိုင်းတွေ မဖတ်ခဲ့ရသေးဘူးဆိုရင်တော့ ဒီအောက်က Link တွေမှာ သွားပြီးဖတ်နိုင်ပါတယ်။
အပိုင်း ( ၁ ) – ဂရပ်ဖစ်ဒီဇိုင်း အစိတ်အပိုင်းများ
အပိုင်း ( ၂ ) – ဂရပ်ဖစ်ဒီဇိုင်း ပုံသေနည်းများနှင့် ဟန်ချက်ညီမှု
အပိုင်း ( ၃ ) – လှုပ်ရှားမှု
ထပ်တလဲလဲဖြစ်မှု ( Repetition )
ဂရပ်ဖစ်ဒီဇိုင်းအခြေခံ ပုံသေနည်းတွေထဲက ထပ်တလဲလဲဖြစ်မှုဆိုတာကတော့ ဒီဇိုင်း အစိတ်အပိုင်းတွေဖြစ်တဲ့ မျဉ်းတွေ၊ အရောင်တွေ၊ ထုထည်စတာတွေပါဝင်ပေါင်းစပ်ဖန်တီးထားတဲ့ဒီဇိုင်း တစ်ခုခုကို ထပ်ကာထပ်ကာ အသုံးပြုတာကိုပြောတာပါ။ အဲလိုအသုံးပြုတာတွေကို သတင်းဆောင်းပါးတွေမှာ တူညီတဲ့ ခေါင်းစဉ်အမျိုးအစားတွေကို အရောင်တွေ အရွယ်အစားတွေ တူတူသုံးတာတွေ၊ ဒီဇိုင်းတွေမှာ ပုံသဏ္ဍာန်တစ်ခုထဲကို ထပ်ခါထပ်ခါသုံးတာတွေ စသည်ဖြင့် သုံးကြပါတယ်။ ထပ်တလဲလဲပြောတာတို့၊ ထပ်တလဲလဲလုပ်တာတို့က အမြဲတမ်းဆိုရင် ရိုးလာတတ်ပေမဲ့ ဒီဇိုင်းမှာတော့ သုံးတတ်မယ်ဆိုရင် အားသာမှုတစ်ခုအနေနဲ့ ရှိပါတယ်။
ဥပမာ ၀က်ဆိုဒ်ဒီဇိုင်းတို့ မိုဘိုင်း App ဒီဇိုင်းတွေမှာ လိုဂိုကို စာမျက်နှာတိုင်းက တစ်နေရာထဲမှာ ထားတာမျိုးတို့ လမ်းညွှန် Menu တွေကို တစ်နေရာထဲမှာထားတာတို့က အသုံးပြုသူကို သူတို့တွေ ရောက်ရှိနေတဲ့ ၀က်ဆိုဒ်ကဘာဝက်ဆိုဒ်ဆိုတာနဲ့ နောက်တစ်နေရာကို သွားရင်ဘယ်လိုသွားရမယ်ဆိုတာကို ပိုပြီးလွယ်လွယ်ကူကူသိစေနိုင်ပါတယ်။ ဒါက ဘာနဲ့ တူလဲဆိုရင် ကျွှန်တော်တို့ အိမ်မှာ ပစ္စည်းတစ်ခုခုကို တစ်နေရာထဲမှာဘဲ အမြဲထားထားရင် သူ့ကိုရှာဖို့အတွက် အချိန်ပေးစရာမလိုတာမျိုးနဲ့တူပါတယ်။ ဒါအပြင့် ခဏခဏမြင်ရပါများရင် အမှတ်တံဆိပ်လိုမျိုးဒီဇိုင်းတွေကိုဆိုရင် လူတွေအတွက်ပိုပြီး မှတ်မိလွယ်လာနိုင်သလို ပိုပြီးလည်းယုံကြည်မှုပိုရှိလာစေပါတယ်။ အသုံးချပစ္စည်းတွေဆိုလည်း ပိုမိုလွယ်ကူစွာအသုံးပြုလာနိုင်တာကိုတွေ့နိုင်မှာပါ။ ဒါကြောင့် ထပ်တလဲလဲဖြစ်မှုဆိုတာဟာ ကျွှန်တော်တို့ဒီဇိုင်းတွေမှာထည့်သွင်းအသုံးပြုနေကြပေမဲ့ လူတွေသိပ်သတိမထားမိတဲ့ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာပေါ်ကို ပိုမိုသက်ရောက်မှုရှိတဲ့ အတွေ့အကြုံဒီဇိုင်း(User Experience Design)နဲ့ပတ်သတ်တဲ့ ဒီဇိုင်းပုံသေနည်းတစ်ခုဖြစ်ပါတယ်။ ထပ်တလဲလဲဖြစ်မှု( Repetition ) ကို အသုံးပြုနိုင်တဲ့ နေရာအချို့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
– အမှတ်တံဆိပ်ပုံဖော်မှု နှင့် ဆက်စပ် ဒီဇိုင်းများ (Brand Colletral)
– ပုံစံတူပုံဖော် ဒီဇိုင်းများ (Pattern Design)
– ဓါတ်ပုံ နှင့် ရုပ်ပုံ ဒီဇိုင်းများ (Image & Graphic)
– အောက်ခံတည်ဆောက်ပုံ ဇယားကွက် ဒီဇိုင်းများ (Grid Design) စသည်ဖြင့်အသုံးပြုနိုင်ပါတယ်။
အမှတ်တံဆိပ်ပုံဖော်မှု နှင့် ဆက်စပ် ဒီဇိုင်းများ (Brand Colletral)
အမှတ်တံဆိပ်ဒီဇိုင်းနဲ့ပတ်သတ်တဲ့ ဒီဇိုင်းတွေကိုရေးဆွဲတဲ့အခါမှာ တစ်ခုတစ်နဲ့တစ်ခု ဆက်စပ်မှုကိုပြသဖို့အတွက်တူညီတဲ့ အရောင်တွေ ဒီဇိုင်းတွေကိုအသုံးပြုရပါတယ်။ အဲလိုရေးဆွဲခြင်းအားဖြင့် အမှတ်တံဆိပ်ကို မှတ်မိလွယ်သလို ယုံကြည်မှုကိုလည်း ပိုမိုအားကောင်းစေပါတယ်။
ပုံစံတူပုံဖော် ဒီဇိုင်း ( Pattern Design)
Pattern ဆိုတာကတော့ တစ်ခုထက်ပိုတဲ့ ဒီဇိုင်းအစိတ်အပိုင်းတွေကို ထပ်ကာထပ်ကာ အသုံးပြုတဲ့ဒီဇိုင်းပုံစံတွေကို ပြောတာပါ။ ဆက်ရာမရှိတဲ့ Pattern ဒီဇိုင်းတွေကို တော့ ကျွှန်တော်တို့ပတ်ဝန်းကျင်ကနေရာတိုင်းမှာတွေ့နိုင်သလို ကောင်းမွန်တဲ့ Pattern ဒီဇိုင်း တွေဟာ မျက်စိပဒေသာဖြစ်စေပါတယ်။ Pattern ဒီဇိုင်းတွေကိုတော့ ကျွှန်တော်တို့ရဲ့ ကော်ဇောတွေ၊ အိပ်ယာခင်းတွေ၊ အင်္ကျီတွေ၊ ပုဆိုးတွေ၊ ထဘီတွေ၊ ၀က်ဆိုဒ်နောက်ခံတွေ နဲ့ အခြားနေရာအမြောက်အများမှာတွေ့နိုင်ပါတယ်။ ဆက်ရာမရှိဘူးလို့ ပြောပေမဲ့လဲ တကယ်တမ်းသေချာကြည့်မယ်ဆိုရင်တော့ အဲဒီ့ဒီဇိုင်းတွေထဲက ဆက်ဆက်မှုတွေကို တွေ့ နိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် ဒီဇိုင်းအခြေခံအစိတ်အပိုင်းတွေကို ထပ်ကာထပ်ကာ ရေးဆွဲခြင်းဖြင့် အလွယ်တကူသိရှိနိုင်မှုကို ပိုမိုအားကောင်းစေသလို အမြင်ပိုင်းဆိုင်ရာအရပါ စိတ်ဝင်စားဖို့ကောင်းစေပါတယ်။ ဒါပေမဲ့လဲ တန်ဆေးလွန်ဘေးဆိုသလို လိုအပ်တာထပ် ထပ်တလဲလဲဖြစ်မှုကို ပိုမိုအသုံးချခဲ့မယ်ဆိုရင်တော့ အလွယ်တကူ သိရှိနိုင်မှုကို အားနည်းစေသလို စိတ်ရှုပ်ထွေးမှုကိုလဲ ဖြစ်စေမှာဖြစ်ပါတယ်။ ဒီ Patter Design တွေကိုတော့ အ၀တ်အစားဒီဇိုင်းတွေမှာလည်း အများအပြားတွေ့ နိုင်ပြီး လူသိများတဲ့ တစ်ချို့ Brand တွေကတော့ သူတို့ရဲ့ အမှတ်တံဆိပ်ကို Pattern Design ထဲမှာပါ လူပိုမှတ်မိအောင်ထည့်သွင်းရေးဆွဲတတ်ကြပါတယ်။
အပေါ်ကပုံကတော့ နာမည်ကြီး အမှတ်တံဆိပ်ဖြစ်တဲ့ Louis Vuitton ရဲ့ ပုံစံတူ ပုံဖော်ဒီဇိုင်း(Pattern Design) တစ်ခုဖြစ်ပြီး သူ့ရဲ့ လိုဂိုအမှတ်တံဆိပ်ကိုပါထည့်သွင်းအသုံးပြုထားတာကိုတွေ့ နိုင်မှာပါ။
အပေါ်ကပုံ ၂ ပုံကတော့ ဟိုတယ်တစ်ခုရဲ့ ဒီဇိုင်းတွေဖြစ်ပြီး သူတို့ရဲ့ ပုံစံတူပုံဖော်ဒီဇိုင်းမှာလည်း သူတို့ လိုဂိုကို ထည့်သွင်းရေးဆွဲထားတာကိုတွေ့ နိုင်မှာပါ။
ဒါအပြင့် Pattern ဒီဇိုင်းကို ၀က်ဆိုဒ်တွေ၊ ဖုန်းဆော့ဝဲလ်တွေ၊ စတဲ့ နေရာတွေမှာလည်းအချက်အလက်တွေကို တစ်စုတစ်စည်းတည်းပြဖို့ နဲ့ ခွဲခြားတဲ့ နေရာတွေမှာလည်းအသုံးပြုပါတယ်။
အပေါ်ကပုံကတော့ ကျွှန်တော့်ဝက်ဆိုဒ်က ဆောင်းပါးတွေကို ပြပေးတဲ့စာမျက်နှာကပုံဖြစ်ပြီး ဒီနေရာမှာဆိုရင် ဆောင်းပါးခေါင်းစီးပုံတွေကို ပုံသဏ္ဍာန်အရွယ်အစားတူတူသုံး ထားသလို ဆောင်းပါးခေါင်းစဉ်နဲ့ စာတွေကလည်းပုံစံတူတူဘဲ ထပ်ကာထပ်ကာသုံးထားပါတယ်။ ဒီလိုအသုံးပြုမှုကတော့ အချက်အလက်တွေကို အစုအဖွဲ့အနေနဲ့ ဖွဲ့တဲ့နေရာတွေမှာအသုံးပြုတာဖြစ်သလို ဆောင်းပါးတစ်ခုပြီးတိုင်းသုံးထားတဲ့ မီးခိုးရောင်မျဉ်းလေးတွေကတော့ ဆောင်းပါးတစ်ပုဒ် နဲ့ တစ်ပုဒ်ကို ခွဲခြားပေးတဲ့ ပုံစံတူပုံဖော်ဒီဇိုင်း Pattern လေးတွေဖြစ်ပါတယ်။
ဓါတ်ပုံနှင့် ပုံရိပ်များ (Image & Graphic Design)
ဒီဇိုင်းတွေမှာ ဓါတ်ပုံနဲ့ပုံရိပ်တွေကို အသုံးပြုတဲ့အခါ တူညီတဲ့ဟန်ပန် ဒီဇိုင်းတွေကို အသုံးပြုခြင်းက ဒီဇိုင်းတစ်ခုရဲ့ သေသပ်စနစ်ကျမှုကို ပိုမိုအားကောင်းစေပါတယ်။ ဥပမာအားဖြင့် ဓါတ်ပုံတွေကို အဖြူအမည်းဆို အဖြူအမည်း အရောင်နဲ့ဆို အားလုံးအရောင်နဲ့သုံးတာက ပိုပြီးသေသပ်စနစ်ကျစေပါတယ်။ ပုံရိပ်တွေကို ရေးဆွဲတဲ့အခါမှာလည်း Line Illustration Style လား၊ Flat Illustration Style လား၊ စသည်ဖြင့် Style တစ်မျိုးထဲကို အသုံးပြုခြင်းက အမြင်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုမဖြစ်စေဘဲ အသိပေးချင်သညှ်ု အချက်အလက်ကို ပိုမိုထိရောက်စေပါတယ်။
အပေါ်က ပုံမှာဆိုရင်တော့ ပုံရိပ်တွေဟာ Line Illustration Style တစ်မျိုးထဲကိုအသုံးပြုထားတာကြောင့် တစ်သားတည်းသဘောမျိုးဖြစ်နေတာကိုတွေ့နိုင်မှာပါ။
အပေါ်ကစာအုပ်ရဲ့ ကုမ္မဏီတည်ဆောက်ပုံအပိုင်းမှာလည်း ဒါရိုက်တာတွေကို ပုံစံတူ အဖြူအမဲ တစ်ခုတည်းကိုသာ တစ်သားတည်းဖော်ပြထားတဲ့အတွက် သူတို့ဟာ ကုမ္မဏီတစ်ခုတည်း အကြောင်းအရာတစ်ခုတည်းကို တူတူ ဆက်သွယ်ထားတယ်ဆိုတဲ့ သဘောတရားကိုပိုမိုပေါ်လွင်စေပါတယ်။
အောက်ခံတည်ဆောက်ပုံ ဇယားကွက် ဒီဇိုင်းများ (Grid Design)
ထပ်တလဲလဲ အသုံးပြုတဲ့ အောက်ခံတည်ဆောက်ပုံဇယားကွက် ဒီဇိုင်းတွေကိုတော့ စာအုပ်တွေ၊ မဂ္ဂဇင်းတွေ နဲ့ ဂျာနယ်တွေမှာတွေ့ရှိနိုင်ပါတယ်။ အဲလိုတည်ဆောက်ပုံတွေကြောင့်ဘဲ ရေးသားထားတဲ့ အချက်အလက်တွေဟာ ဆက်ဆက်မှုရှိတယ်ဆိုတာကို ဖော်ပြနိုင်ပါတယ်။
အပေါ်က Grid Design မှာဆိုရင်တော့ အမြင်ပိုင်းအရ မတူညီတဲ့ အထားအသိုကို အသုံးပြုထားပေမဲ့ အောက်ခံကိုတော့ တူညီတဲ့ ဇယားကွက်ဒီဇိုင်းကို အသုံးပြုထားတာကိုတွေ့ နိုင်မှာပါ။
ဒါတွေကတော့ ဂရပ်ဖစ်ဒီဇိုင်းအခြေခံပုံသေနည်းတွေ ထဲကတစ်ခုဖြစ်တဲ့ ထပ်တလဲလဲဖြစ်မှုနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ ဒီပုံသေနည်းနဲ့ ပတ်သတ်ပြီး သတိထားစရာတစ်ခုကတော့ ထပ်တလဲလဲအသုံးပြုမှုဆိုတာ ဒီဇိုင်းတစ်ခုလုံးကို ပြန်လည်အသုံးပြုတာမဟုတ်ဘဲ ဒီဇိုင်းထဲက အစိတ်အပိုင်းတစ်ချို့ကိုသာ ဆက်သွယ်မှုတစ်ခုအနေနဲ့ ပြန်လည်အသုံးပြုတယ်ဆိုတာပါ။
ထပ်တလဲလဲဖြစ်မှုကိုတော့ ဒီလောက်နဲ့ဘဲ တစ်ခန်းရပ်ပြီး နောက်အပတ်မှာတော့ မတူခြားနားမှု တွေအကြောင်းကိုရေးသားပေးသွားပါမယ်ခင်ဗျ။ အားလုံးမင်္ဂလာရှိတဲ့ နေ့ရက်ကို ပိုင်ဆိုင်နိုင်ကြပါစေ။