ဂရပ်ဖစ်ဒီဇိုင်းအခြေခံ
အပိုင်း ( ၅ ) – မတူခြားနားမှု

ဂရပ်ဖစ်ဒီဇိုင်းအခြေခံ ဆောင်းပါးတွဲရဲ့ ဒီဇိုင်းပုံသေနည်းတွေထဲက တစ်ခုဖြစ်တဲ့ မတူခြားနားမှု ( Contrast ) တွေအကြောင်းရေးသားသွားပါမယ်။ အရင်အပိုင်းတွေ မဖတ်ခဲ့ရသေးဘူးဆိုရင်တော့ ဒီအောက်က Link တွေမှာ သွားပြီးဖတ်နိုင်ပါတယ်။

အပိုင်း ( ၁ ) – ဂရပ်ဖစ်ဒီဇိုင်း အစိတ်အပိုင်းများ
အပိုင်း ( ၂ ) – ဂရပ်ဖစ်ဒီဇိုင်း ပုံသေနည်းများနှင့် ဟန်ချက်ညီမှု
အပိုင်း ( ၃ ) – လှုပ်ရှားမှု
အပိုင်း ( ၄ ) – ထပ်တလဲလဲဖြစ်မှု

 

မတူခြားနားမှု (Contrast)

မတူခြားနားမှု ဆိုတဲ့ ဒီပုံသေနည်းကတော့ ဆွဲသမျှဒီဇိုင်းထဲမှာ ထည့်သွင်းအသုံးပြုသင့်တဲ့ ပုံသေနည်းတစ်ခုပါဘဲ။ ဘာကြောင့်လဲဆိုရင်တော့ သူက ဒီဇိုင်းတွေကို အစီစဉ်တကျဖွဲ့စည်းပေးသလို ဘယ်အပိုင်းကတော့ ပိုအရေးကြီးတယ် ဘယ်အပိုင်းကတော့ သိပ်အရေးမကြီးဘူး စတာတွေကို အလွယ်တူသိနိုင်အောင်ပြုလုပ်ပေးပါတယ်။ ဒါ့အပြင့် ကောင်းမွန်တဲ့ မတူခြားနားမှုကို အသုံးပြုမှုက ဒီဇိုင်းတစ်ခုကို ပိုမိုဆွဲဆောင်မှုရှိစေပါတယ်။ ဒါပေမဲ့ ဘယ်အရာမဆိုကတော့ တန်ဆေးလွန်ဘေး ပါဘဲ။ လိုအပ်တာထပ်မတူခြားနားမှုတွေကို ပိုသုံးခဲ့မယ်ဆိုရင်တော့ ဗရမ်းဗတာဖြစ်တဲ့ ဒီဇိုင်းတစ်ခုအနေနဲ့သာ အဆုံးသတ်မှာပါ။ မတူခြားနားမှုတွေကို ဖော်ပြရာမှာတော့ ဒီဇိုင်းအစိတ်အပိုင်းတွေထဲက အားလုံးကို အသုံးပြုပြီး ဖော်ပြနိုင်ပါတယ်။ ကျွှန်တော်ကတော့ အဲ့ထဲကမှ အသုံးများတဲ့ (၅)မျိုးကို ရှင်းပြချက်နဲ့အတူ စုစည်းဖော်ပြပေးသွားပါမယ်။

အဲ့ဒါတွေကတော့ –

၁)အရောင်အားဖြင့် မတူခြားနားမှု (Contrast With Color)
၂)ပုံသဏ္ဍန်အားဖြင့် မတူခြားနားမှု (Contrast With Shape)
၃)အရွယ်အစားအားဖြင့် မတူခြားနားမှု (Contrast With Size)
၎)စာလုံးပုံစံအားဖြင့် မတူခြားနားမှု (Contrast With Font)
၅)အနီးအဝေးအားဖြင့် မတူခြားနားမှု တို့ဘဲဖြစ်ပါတယ်။ (Contrast With Proximity & Separation )

 

၁)အရောင်အားဖြင့် မတူခြားနားမှု (Contract With Color)

အရောင်အားဖြင့်မတူခြားနာမှုကို နည်းလမ်းအမျိုးမျိုးဖြင့်သုံးနိုင်ပါတယ်။ အဲ့ထဲကတစ်ချို့ကတော့

 

၁.၁) အရောင်အနုအရင့်ဖြင့် ခြားနားမှုကို ဖန်တီးခြင်း (Contrast With Color Value)

အရောင်အနုအရင့်အားဖြင့် ခြားနားမှုဖန်းတီးမယ်ဆိုရင်တော့ အဖြူရောင်နဲ့ အမဲရောင်ဟာ ခြားနားမှု အမြင့်ဆုံးအရောင်တွေပါ။ဒါပေမဲ့လည်းသူတို့နှစ်ခုထဲရှိတယမဟုတ်ဘဲ ကျန်တဲ့အရောင်တွေနဲ့လည်း အရောင်အနုအရင့် ခြားနားမှုကိုဖန်တီးနိုင်ပါသေးတယ်။ အရောင်အနုအရင့်ခြားနားမှုတွေကို အသုံးပြုခြင်းအားဖြင့် ဒီဇိုင်းထဲမှာရှိတဲ့ အစိတ်အပိုင်းတစ်ချို့ကို ကျန်တဲ့အစိတ်အပိုင်းထက်ပိုပြီးပေါ်လွင်အောင်လုပ်နိုင်ပါတယ်။

 

 

အပေါ်က ၀က်ဆိုဒ်ဒီဇိုင်းပုံမှာဆို အရောင်အရင့်ဖြစ်တဲ့ အမည်းရောင်ပေါ်မှာ အရောင်အဖျော့ဖြစ်တဲ့ အဖြူရောင်စာလုံးများကို အသုံးပြုခြင်းဖြင့် ကောင်းမွန်တဲ့ Contrast ( မတူခြားနားမှု ) ကို ဖန်တီးနိုင်ပါတယ်။

၁.၂) အရောင်ကွာခြားမှုဖြင့် ခြားနားမှု (Contrast With Color Hue )

ပုံမှန်အားဖြင့်တော့ အရောင်တွေကို အရောင်စက်ဝန်းမှာ ၁၂ ရောင် ခွဲခြားပြီးဖွဲ့စည်းထားသလို အရောင်တွေနဲ့ သက်ဆိုင်တဲ့ အရောင်အစီအစဉ်တွေလည်းရှိပါတယ်။ ဒါကြောင့်အဲ့ထဲက အချို့ကိုအသုံးပြုပြီးလည်း အရောင်ကွာခြားမှုဖြင့် ခြားနားမှုကို ဖန်တီးနိုင်ပါတယ်။

အပေါ်ကမျက်နှာဖုံးဒီဇိုင်းကတော့ ဆန့်ကျင်ဘက် အရောင်တွေကို အသုံးပြုပြီး မတူခြားနားမှုဖန်ဆီးထားတဲ့ ဒီဇိုင်းတစ်ခုဘဲဖြစ်ပါတယ်။

၁.၃)အပူရောင် အအေးရောင်ဖြင့် ခြားနားမှု ( Contrast With Color Temperature )

အရောင်တွေကို အရောင်အပူချိန်အားဖြင့် အဖွဲ့ ၃ ဖွဲ့ ခွဲခြားနိုင်ပါတယ်။ အဲ့ဒါကတော့ အပူရောင်ရယ်၊ အအေးရောင်ရယ်၊ ပုံမှန်အရောင်ရယ်ဆိုပြီးတော့ပါ။ အပူရောင်တွေကတော့ အရောင်စက်ဝန်းမှာဆို အ၀ါရောင်ကနေ ပန်းခရမ်းရောင်အထိဖြစ်ပြီး၊ အအေးအရောင်တွေမှာဆိုရင်တော့ ခရမ်းရင့်ရောင်ကနေ မော်ဒန်စိမ်းရောင်ထိကို အအေးရောင်ဆိုပြီး သက်မှတ်ပါတယ်။ ပုံမှန်အရောင် (သို့) အငြိမ်အရောင်တွေကတော့ အဖြူ၊ အမည်း၊ မီးခိုး၊ အညှိနု နဲ့ သနပ်ခါးရောင်တွေဖြစ်ပါတယ်။ ခြားနားမှုမြင့်မားတဲ့ ဒီဇိုင်းပုံစံတွေအတွက်တော့ ပုံမှန်ရောင်ကို မသုံးဘဲ အပူရောင်နဲ့ အအေးရောင်ကုသာ တွဲဖက်အသုံးပြုကြပါတယ်။

 

 

 

 

အပေါ်ကပိုစတာမှာတော့ အပူရောင် နဲ့ အအေးရောင် နောက်ခံကို အသုံးပြုပြီး မတူခြားနားမှုကိုဖန်တီးထားတာကို တွေ့နိုင်ပါတယ်။

၂)ပုံသဏ္ဍန်အားဖြင့် မတူခြားနားမှု (Contract With Shape)

ကျွှန်တော်တို့ ပထမပိုင်းမှာပြောခဲ့သလိုဘဲ ပုံသဏ္ဍာန်တွေကို ဂျီသြမေတြီ ပုံသဏ္ဍာန်၊ အမျိုးအမည် သတ်မှတ်ထားတဲ့ ပုံသဏ္ဍာန် နဲ့ အမျိုးအမည်မဲ့ ပုံသဏ္ဍာန်ဆိုပြီး ၃ မျိုးခွဲခြားထားပါတယ်။ ပုံသဏ္ဍာန်အားဖြင့် မတူခြားနားမှုတွေအသုံးပြုတဲ့အခါမှာတော့ ဂျီသြမေတြီ ပုံသဏ္ဍာန်တွေရဲ့ ထောင့်ချွှန်တည်ဆောက်ပုံတွေနဲ့ လုံးဝန်းတဲ့ပုံသဏ္ဍာန်တွေကို ယှဉ်တွဲ ရေးဆွဲခြင်းဖြင့် ကောင်းမွန်တဲ့ မတူခြားနားမှုကို ဖန်တီးနိုင်ပါတယ်။ ဒါပေမဲ့လည်း လုံးဝန်းတဲ့ ပုံသဏ္ဍာန်တစ်ခုထဲနဲ့ မဟုတ်ဘဲ ဒီပြင့် မတူညီတဲ့ ပုံသဏ္ဍာန်တွေ နဲ့လည်း မတူခြားနားမှုတွေကို ဖန်တီးနိုင်ပါသေးတယ်။ ကျွှန်တော်တို့ ဒီဇိုင်းတွေကိုကြည့် ရှုတဲ့ မျက်နှာပြင်တွေဖြစ်တဲ့ စာရွက်တွေ ဖုန်းတွေ ကွန်ပျူတာတွေ စတာတွေက လေးထောင့်ဆန်တဲ့ ပစ္စည်းတွေဖြစ်တာကြောင့်သာ လုံးဝန်းတဲ့ပုံသဏ္ဍာန်တွေဟာ များသောအားဖြင့် ကောင်းမွန်တဲ့ မတူခြားနားမှု Contrast ကိုဖန်တီးပေးနိုင်တယ်လို့ပြောတာဖြစ်ပါတယ်။

 

 

အပေါ်ကပုံမှာဆိုရင်တော့ တစ်ခုလုံးကို လေးထောင့်ဆန်တဲ့ ပုံသဏ္ဍာန်တွေသာအသုံးပြုထားပြီး အဲဒါတွေအကုန်လုံးက အလယ်မှာရှိတဲ့ အ၀ိုင်းကို ညွှန်ပြနေတာကို ကိုတွေ့ နိုင်မှာပါ။ ဒါကတော့ ပုံသဏ္ဍာန်အရမတူခြားနားမှုကို အသုံးပြုထားတဲ့ဒီဇိုင်းတစ်ခုပါ။

၃)အရွယ်အစားအားဖြင့် မတူခြားနားမှု (Contrast With Size)

ဒီမတူခြားနားမှုပုံစံကတော့ ဒီဇိုင်းအခြေခံ အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်တဲ့ အရွယ်အစားကို အခြေခံပြီး ရေးဆွဲတဲ့ပုံစံဖြစ်ပါတယ်။ ဒီလိုမတူခြားနားမှုမျိုးကို ကောင်းမွန်တဲ့ ဒီဇိုင်းခြားနားမှုအားလုံးနီးပါးမှာ တွေ့နိုင်မှာပါ။ ဘာလို့လဲဆိုရင်တော့ ကျွှန်တော်တို့ရဲ့ ဒီဇိုင်းတွေထဲမှာ ပုံဘဲဖြစ်ဖြစ် စာဘဲဖြစ်ဖြစ် အားလုံးကို အရွယ်အစားတူတူဘဲဆိုရင် ဘယ်ဟာက ပိုအရေးကြီးတယ်၊ ဘယ်စာသားရဲ့ ခေါင်းစဉ်က ဘာလဲ စတာတွေကို ခွဲခြားပြီးသိနိုင်တော့မှာမဟုတ်ပါဘူး။ ဒါကြောင့် ဒီမတူခြားနားမှုက အရေးကြီးသလို ရေးဆွဲဖို့လဲလွယ်ကူတဲ့ နည်းတစ်ခုဘဲဖြစ်ပါတယ်။

 

အပေါ်က ပုံမှာဆိုရင်တော့ အရွယ်အစားအရ နာနတ်သီးက အကြီးဆုံးဖြစ်ပြီး သူ့ကို အာရုံစိုက်ပြီးရင် “Nikao Base” ဆိုတဲ့ ခေါင်းစဉ်ကို အာရုံစိုက်မိမှာဖြစ်ပြီး ဒီလို အစီအစဉ်အလိုက်သိရှိနိုင်တာကတော့ အရွယ်အစားအရမတူခြားနားမှုကို အသုံးပြုထားလို့ဘဲဖြစ်ပါတယ်။

၎)စာလုံးပုံစံအားဖြင့် မတူခြားနားမှု (Contrast With Font)

စာလုံးတွေဆိုတာ ဒီဇိုင်းတွေရေးဆွဲတဲ့ နေရာမှာ မရှိမဖြစ်အပိုင်းကနေပါဝင်နေတဲ့ အစိတ်အပိုင်းတစ်ခုပါ။ စာလုံးပုံစံတွေကို အသုံးပြုပြီးမတူခြားနားမှုတွေလုပ်မယ်ဆိုရင်တော့ ကျွှန်တော်တို့အနေနဲ့ အရင်ဆုံးစာလုံးတွေနဲ့ ပတ်သတ်တဲ့ အခြေခံဗဟုသုတအချို့တော့ ရှိဖိုလိုအပ်ပါတယ်။ ဒါမှ ဘယ်လိုစာလုံးမျိုးတွေကို ပေါင်းစပ်အသုံးပြုနိုင်တယ်ဆိုတာကို ပိုမိုသိရှိမှာပါ။ အရိုးရှင်းဆုံးနဲ့ ထိရောက်မှုရှိတဲ့ ပေါင်းစပ်မှုကတော့ Serif လိုခေါ်တဲ့ စာလုံးတွေမှာ မျဉ်းကြောင်းအသတ်လေးတွေပါတဲ့ စာလုံးပုံစံနဲ့ Sans Serif လို့ခေါ်တဲ့ မျဉ်းကြောင်း အသတ်မပါတဲ့ စာလုံးပုံစံကို တွဲဖက်အသုံးပြုတာပါဘဲ။ Serif ရဲ့အဓိပ္ပာယ်ကတော့ ဒတ်ခ်ျဘာသာစကားကနေ ဆင်းသက်လာတာဖြစ်ပြီး မျဉ်း(Stroke)လို့ အဓိပ္ပာယ်ရပါတယ်။ Sans Serif မှာဆိုရင်တော့ Sans ဆိုတာ ပြင်သစ်ဘာသာစကားက ဆင်းသက်လာတာဖြစ်ပြီး အဓိပ္ပါယ်ကတော့ “မပါဝင်” ဘူးလို့ အဓိပ္ပါယ်ရပါတယ်။ နှစ်ခုပေါင်းပြီး ဘာသာပြန်လိုက်မယ်ဆိုရင်တော့ မျဉ်းအသတ်မပါဝင်သော လို့အဓိပ္ပါယ်ရမှာပါ။ Serif နဲ့  Sans Serif နဲ့ပေါင်းစပ်မှုကိုတော့များသောအားဖြင့် ဆောင်းပါးတွေ၊ စာအုပ်တွေမှာအများဆုံးအသုံးပြုကြပါတယ်။ဒါ့အပြင် စာလုံးတွေနဲ့မတူခြားနားမှုတွေ လုပ်တဲ့နေရာမှာ စာလုံးအမျိုးအစားတစ်ခုထဲကိုဘဲ စာလုံး အထူအပါး နဲ့  အစောင်းပုံစံ ပေါ်မူတည်ပြီးလည်း မတူခြားနားမှုတွေလုပ်နိုင်ပါသေးတယ်။ များသောအားဖြင့် စာလုံးပုံစံ မတူခြားနားမှုကို  စားသောက်ဆိုင် အစားအသောက်စာရင်းတို့၊ အလုပ်လျှောက်လွှာတို့၊ Infographic တို့ ၊ ကုမ္မဏီ ဖွဲ့စည်းပုံဆိုင်ရာ စသဖြင့် အချက်အလက်တွေဖော်ပြစရာများတဲ့ နေရာတွေမှာပိုပြီး အသုံးများပါတယ်။

 

 

 

အပေါ်က ဒီဇိုင်းမှာတော့ ခေါင်းစဉ်ကို Serif စာလုံးအမျိုးအစားသုံးထားပြီး စာပိုဒ်မှာတော့  San Serif အမျိုးအစားကို အသုံးပြုထားပါတယ်။ ခေါင်းစဉ်ပိုင်းကိုတော့ နှစ်သက်ရာ သင့်တော်ရာအမျိုးအစားကို အသုံးပြုနိုင်ပေမဲ့ စာပိုဒ်မှာ Sans Serif စာလုံးအမျိုးအစားအသုံးပြုမယ်ဆိုရင်တော့ x-height လို့ခေါ်တဲ့ စာလုံးအသေးတွေရဲ့  စာလုံးအမြင့် များတဲ့ စာလုံးပုံစံမျိုးကို ရွှေးချယ်သုံးဆွဲသင့်ပါတယ်။ စာလုံးရွှေးချယ်မှုတွေအကြောင်းကိုတော့ Typography အကြောင်းတွေရေးသားတဲ့အချိန်ကျရင်အသေးစိတ် ရေးသားပေးသွားပါမယ်။

၅)အနီးအဝေးအားဖြင့် မတူခြားနားမှု (Contrast With Proximity & Separation )

ကျွှန်တော်တို့ ဒီဇိုင်းမှာပါတဲ့ အစိတ်အပိုင်းတွေရဲ့ တစ်ခုနဲ့တစ်ခု ဆက်သွယ်မှုတွေ ခြားနားမှုတွေကို ပြသချင်ရင်တော့ အကောင်းဆုံးကတော့ အနီးအဝေးအားဖြင့် မတူခြားနားမှုကို အသုံးပြုနိုင်ပါတယ်။ သူ့ကိုတော့ စာပိုဒ်တွေ တစ်ခုနဲ့ တစ်ခု ခြားနားတဲ့အခါတွေ၊ မတူညီတဲ့အကြောင်းအရာတွေကို ခြားနားတဲ့အခါတွေမှာ ဖြင့် အသုံးပြုကြပါတယ်။

 

 

အပေါ်ကပုံကိုကြည့်မယ်ဆိုရင်တော့ ကျွှန်တော်စိတ်ထဲမှာ အပိုင်း ၃ ပိုင်း ခွဲပြီး မြင်ပါလိမ့်မယ်။ အဲ့ဒါကတော့ အောက်ကပုံအတိုင်းဖြစ်ပါတယ်။

ဒီနေရာမှာဆိုရင် ဘယ်ဘက်က ၂ ပိုင်းမှာဆိုရင် ပုံစံတူပေမဲ့လည်း သူတို့နှစ်ခု ရဲ့ အကွာအဝေးကြောင့်ဘဲသူတို့နှစ်ခုက မတူဘူးလို့ ခံစားမိတာပါ။ ဒါဟာဆိုရင်တော့ အကွာအဝေးနဲ့ နီးစပ်မှုတွေကြောင့် ဖြစ်လာတဲ့ မတူခြားနားမှုတွေဖြစ်ပါတယ်။ ညာဘက်ခြမ်းက အပိုင်းမှာ ဆိုရင်လည်းတူတူဘဲဖြစ်ပါတယ်။

အပေါ်က အစားအသောက်စာရင်း ဒီဇိုင်း မှာဆိုရင်တော့ အစားအသောက်အမျိုးအစား ခေါင်းစဉ်ဖြစ်တဲ့ Starter နဲ့ အဲ့ထဲမှာပါတဲ့ အစားအသောက် Fall Chese Board အကွာအဝေးထက် Starter ခေါင်းစဉ်ရဲ့ နောက်ဆုံးစာကြောင်း featuring fromage fort ဆိုတဲ့ စာကြောင်းနဲ့  Sides ဆိုတဲ့ ခေါင်းစဉ်ရဲ့ အကွာအဝေးကပိုများပါတယ်။ နောက်ခေါင်းစဉ်တွေမှာလည်းအဲ့အတိုင်းဘဲဖြစ်ပါတယ်။ အဲလိုလုပ်ခြင်းအားဖြင့် အပိုင်းတစ်ခုနဲ့ တစ်ခု ကို မျဉ်းတွေဘာတွေနဲ့ ခြားစရာမလိုဘဲ စိတ်က အလိုလို ခွဲခြားသိသွားစေပါတယ်။

ဒါတွေကတော့ မတူခြားနားမှု (Contrast) နဲ့ ဆိုင်တဲ့အကြောင်းအရာတစ်ချို့ဖြစ်ပြီး နောက်အပိုင်းအနေနဲ့ ကတော့  ဦးစားပေးမှု ( Emphasis ) အကြောင်းကို ဆက်လက်ရေးသားသွားပါမယ်ခင်ဗျ။ ဒီအပိုင်းနဲ့ပတ်သတ်ပြီး ဆွေးနွေးချင်တာတွေရှိရင်လည်း အောက်က Comment မှာဝင်ပြီး ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။ အာလုံး မင်္ဂလာရှိတဲ့ နေ့ရက်ကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

Post comment