ဂရပ်ဖစ်ဒီဇိုင်းအခြေခံ အပိုင်း ( ၈ )
တစ်စုတစ်စည်းတည်းရှိမှု
ဒီအပတ်တော့ ဂရပ်ဖစ်ဒီဇိုင်းအခြေခံ ဆောင်းပါးတွဲရဲ့ နောက်ဆုံးအပိုင်းဖြစ်တဲ့ တစ်စုတစ်စည်းတည်းရှိမှု ( Unity ) အကြောင်းကိုရေးသားသွားမှာပါ ။ အရင်အပိုင်းတွေ မဖတ်ခဲ့ရသေးဘူးဆိုရင်တော့ ဒီအောက်က Link တွေမှာ သွားပြီးဖတ်နိုင်ပါတယ်။
အပိုင်း ( ၁ ) – ဂရပ်ဖစ်ဒီဇိုင်း အစိတ်အပိုင်းများ
အပိုင်း ( ၂ ) – ဂရပ်ဖစ်ဒီဇိုင်း ပုံသေနည်းများနှင့် ဟန်ချက်ညီမှု
အပိုင်း ( ၃ ) – လှုပ်ရှားမှု
အပိုင်း ( ၄ ) – ထပ်တလဲလဲဖြစ်မှု
အပိုင်း ( ၅ ) – မတူခြားနားမှု
အပိုင်း ( ၆ ) – ဦးစားပေးမှု
အပိုင်း ( ၇ ) – စည်းချက်ကျမှု
တစ်စုတစ်စည်းတည်းရှိမှု ( Unity )
ဒီတစ်ပိုင်းကတော့ ကျွှန်တော်တို့ ဂရပ်ဖစ်ဒီဇိုင်းအခြေခံ နှင့် ပုံသေနည်းများ ဆောင်းပါးတွဲရဲ့ နောက်ဆုံးအပိုင်းဖြစ်တဲ့ တစ်စုတစ်စည်းတည်းဖြစ်မှု Unity အကြောင်းဘဲဖြစ်ပါတယ်။ တစ်စုတစ်စည်းတည်းဖြစ်မှုဆိုတာကတော့ ကျွှန်တော်တို့ ဒီဇိုင်းထဲမှာရှိတဲ့ ဒီဇိုင်းအစိတ်အပိုင်း တစ်ခုနဲ့ တစ်ခုက အပြန်အလှန်ချိတ်ဆက်ရင်းနဲ့ ရည်ရွယ်ချက်တစ်ခုထဲကို အတူတကွ ဖော်ဆောင်တာမျိုးကို ပြောတာဖြစ်ပါတယ်။ တစ်စုတစ်စည်းတည်းဖြစ်မှုအကြောင်းကို ပြောမယ်ဆိုရင်တော့ သူ့ကို (၂) မျိုးခွဲခြားနိုင်ပါတယ်။ အဲ့ဒါတွေကတော့
၁) အမြင်အားဖြင့် တစ်စုတစည်းတည်းရှိမှု
၂) သဘောတရားအားဖြင့် တစ်စုတစ်စည်းတည်းရှိမှု ဆိုပြီးတော့ဖြစ်ပါတယ်။
၁) အမြင်အားဖြင့် တစ်စုတစည်းတည်းရှိမှု
အမြင်အားဖြင့် တစ်စုတစည်းတည်းရှိမှုတော့ ကျွှန်တော်တို့ အပိုင်း (၁) မှာပြောခဲ့တဲ့ ဒီဇိုင်းအစိတ်အပိုင်းတွေကို အသုံးပြုပြီး တစ်စုတစ်စည်းတည်းရှိတဲ့ သဘောကိုပြတဲ့ပုံစံဖြစ်ပါတယ်။ ဒီစုစည်းမှုအမျိုးအစားကိုတော့ ဒီဇိုင်းတွေမှာ အစိတ်အပိုင်းတစ်ခုနဲ့ တစ်ခုကို ခွဲခြားပြတဲ့ နေရာမှာအသုံးပြုသလို တစ်ခုလုံးကို ပုံဖော်တဲ့နေရာမှာလည်းအသုံးပြုကြပါတယ်။
အပေါ်က ၀က်ဝံ ပုံ ပိုစတာမှာဆိုရင် ၀က်ဝံ ၃ကောင်ကို အမည်းရောင် နဲ့ နေရာလွတ်ကို တွဲပြီးပုံဖော်ထားပေမဲ့လည်း ပုံသဏ္ဍာန်အားဖြင့် တစ်စုတစ်စည်းတည်းရှိတာကို တွေ့နိုင်မှာပါ။
အပေါ်ကပိုစတာဟာဆိုရင်တော့ နယူးယောက်မြို့မှာ လုပ်မဲ့ စက်ဘီးပြပွဲပိုစတာတစ်ခုဖြစ်ပြီး မတူညီတဲ့ ဒီဇိုင်းအစိတ်အပိုင်းတွေကို အသုံးပြုထားပေမဲ့လည်း နယူးယောက်မြို့ မှာရှိတဲ့ မြောင်းဖုံး နဲ့ စက်ဘီး ရဲ့ တာယာကို ပုံသဏ္ဍာန်အားဖြင့် တူညီမှုကို ပြပြီး တစ်စုတစ်စည်းတည်းရှိမှုကို ပြသထားတာကိုတွေ့ နိုင်မှာပါ။
၂) သဘောတရားအားဖြင့် တစ်စုတစ်စည်းတည်းရှိမှု
သဘောတရားအားဖြင့် တစ်စုတစ်စည်းတည်းရှိမှုဆိုတာကတော့ ကျွှန်တော်တို့ ဒီဇိုင်းမှာအသုံးပြုတဲ့ ဒီဇိုင်းအစိတ်အပိုင်းတွေက မတူညီရင်တောင် အသုံးပြုတဲ့ ရည်ရွယ်ချက်တစ်ခုထဲကို ဖော်ညွှန်းနေတဲ့ စုစည်းမှုမျိုးကိုပြောတာပါ။ အမှတ်တံဆိပ် ဒီဇိုင်းစနစ်ပုံဖော်မှုတွေ မှာဆိုရင်လည်း ဒီလိုအသုံးပြုမျိုးတွေကို တွေ့နိုင်မှာဖြစ်ပါတယ်။ ဒီလိုအမှတ်တံဆိပ်ပုံဖော်မှုဒီဇိုင်းတွေမှာဆိုရင် ဒီဇိုင်းအစိတ်အပိုင်းတွေကို အသုံးပြုပြီး အမှတ်တံဆိပ်ရဲ့ အဓိက ကိုယ်စားပြုတဲ့ အချက်တွေကို ပိုလွင်အောင်ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ ပုံဖော်ကြတာကိုတွေ့နိုင်မှာပါ။ ဒါကြောင့် ဒီဇိုင်းကွဲသွားရင်တောင် သူတို့ရဲ့ သဘောတရားအားဖြင့် စုစည်းမှု ပုံစံကတော့ တူတူဘဲဖြစ်မှာပါ။
အပေါ်က The Great Gatsby ပိုစတာမှာဆိုရင်တော့ မတူညီတဲ့ ဒီဇိုင်းအစိတ်အပိုင်းတွေပါဝင်နေပေမဲ့လည်း အထက်တန်းဆန်တဲ့ ရွှေရောင်အသုံးပြုမှု၊ ၁၉ ၂၀ ပြည့်နှစ်အပိုင်းတွေက ခေတ်စားခဲ့တဲ့ Art Deco ဒီဇိုင်းအပြင်အဆင်နဲ့ ၀တ်စားဆင်ယဉ်မှု၊ စာလုံးရွှေးချယ်အသုံးပြုမှုတွေကြောင့် အစိတ်အပိုင်းအားလုံးဟာ ၁၉ ၂၀ပြည့်နှစ်က ဒီဇိုင်းနဲ့ အထက်တန်းကျမှု စတဲ့ အချက်တွေကိုဘဲ တစ်စုတစ်စည်းတည်းနဲ့ ဖော်ပြနေတာကို တွေ့ နိုင်မှာပါ။ ဒီလိုဖော်ပြမှုမျိုးကို သဘောတရားအားဖြင့် တစ်စုတစ်စည်းတည်းရှိမှုဆိုပြီး သတ်မှတ်နိုင်ပါတယ်။
အပေါ်က ပုံအချို့ကတော့ Nike ရဲ့ ဈေးကွက်မြင့်တင်မှု အစီအစဉ်တွေထဲက အစီအစဉ်တစ်ခုရဲ့ ဒီဇိုင်းအချို့ ဖြစ်ပါတယ်။ ဒီပုံတွေမှာဆိုရင်တော့ ပါဝင်တဲ့ ပုံရိပ်တွေက မတူညီပေမဲ့လည်း တူညီတဲ့ နေရာအထားအသိုတွေ၊ ဒီဇိုင်းအသုံးချမှုပုံစံ တွေကို အသုံးပြုထားပြီး အားလုံးကို ခြုံကြည့်မယ်ဆိုရင်လည်း သဘောတရားအရ တစ်စုတစ်စည်း ထဲ ဖြစ်နေတာကို တွေ့ နိုင်မှာပါ။
အခုဖော်ပြခဲ့တဲ့အချက်တွေကတော့ အခြေခံ ဒီဇိုင်းအစိတ်အပိုင်း နဲ့ ပုံသေနည်းအချို့ ဘဲဖြစ်ပါတယ်။ ကျွှန်တော် ဒီဆောင်ပါးတွဲကို ရေးရတဲ့ ရည်ရွယ်ချက်ကတော့ ဒီဇိုင်နာတွေ အနေနဲ့ ဒီဇိုင်းတွေကို ကြည့် ရှုတဲ့အခါ ဒီပုံစံလေးက လှတယ်ဆိုတာမျိုးထက် ဒီဇိုင်းတစ်ခုကို တစ်လွှာချင်းစီ ခွဲခြားမြင်နိုင်အောင်ဖြစ်ပါတယ်။ နောက်အချက်ကတော့ ဒီဇိုင်းတွေကိုဖန်တီးတဲ့ နေရာမှာ ရွှေအချိုးနဲ့ မှ ဟိုသီအိုရီနဲ့ မှဆိုတာထက် မတူညီတဲ့ အခြေအနေတွေမှာ တကယ်လိုအပ်တဲ့ အသုံးပြုမှုတွေကို ခွဲခြားအသုံးချနိုင်အောင်ဖြစ်ပါတယ်။ ခုရေးသားထားတဲ့ အချက်တွေကတော့ အခြေခံအချက်တွေဘဲဖြစ်ပြီး ကျွှမ်းကျင်အဆင့်ကိုရောက်ဖို့အတွက်ဆိုရင်တော့ ဆက်လက်လေ့လာဖို့ကို လိုအပ်နေအုံးမှာဖြစ်ပါတယ်။
ဒီဇိုင်းအခြေခံအစိတ်အပိုင်း နဲ့ ပုံသေနည်းတွေကို ဆက်လက်လေ့လာလိုသူတွေအတွက် ဖတ်ရှုသင့်တဲ့ စာအုပ်တွေကတော့
၁) Universal Principles of Design by William Lidwell
၂) Visual Grammar by Christian Leborg
၃) The Elements of Graphic Design by Alex W. White
၎) Visual Language for Designers by Connie Malamed
၅) Design Elements: A Graphic Style Manual by Timothy Samara
တို့ဘဲဖြစ်ပါတယ်။
အားလုံးမင်္ဂလာရှိတဲ့ နေလေးကို ပိုင်ဆိုင်ပြီး ပညာရပ်တွေကို လွယ်ကူမြန်ဆန်စွာသင်ယူနိုင်ကြပါစေ။