ဂရပ်ဖစ်ဒီဇိုင်းအခြေခံ အပိုင်း ( ၆ ) – ဦးစားပေးမှု
ဂရပ်ဖစ်ဒီဇိုင်းအခြေခံ ဆောင်းပါးတွဲရဲ့ ဒီဇိုင်းပုံသေနည်းတွေထဲက တစ်ခုဖြစ်တဲ့ မတူခြားနားမှု ( Contrast ) တွေအကြောင်းရေးသားသွားပါမယ်။ အရင်အပိုင်းတွေ မဖတ်ခဲ့ရသေးဘူးဆိုရင်တော့ ဒီအောက်က Link တွေမှာ သွားပြီးဖတ်နိုင်ပါတယ်။
အပိုင်း ( ၁ ) – ဂရပ်ဖစ်ဒီဇိုင်း အစိတ်အပိုင်းများ
အပိုင်း ( ၂ ) – ဂရပ်ဖစ်ဒီဇိုင်း ပုံသေနည်းများနှင့် ဟန်ချက်ညီမှု
အပိုင်း ( ၃ ) – လှုပ်ရှားမှု
အပိုင်း ( ၄ ) – ထပ်တလဲလဲဖြစ်မှု
အပိုင်း ( ၅ ) – မတူခြားနားမှု
Emphasis ( ဦးစားပေးမှု )
ဦးစားပေးမှုလို့ ဆိုတဲ့အတိုင်းဘဲ ဒီပုံသေနည်းကတော့ ကျွှန်တော်တို့ရဲ့ ဒီဇိုင်းတွေထဲမှာ တစ်ခုခုကို အရေးပိုကြီးတယ်လို့ ပြချင်တဲ့ အခါမျိုးမှာသုံးပါတယ်။ သူ့ရဲ့ရယ်ရွယ်ချက်ကတော့ ကြည့် ရှုသူရဲ့ အာရုံကို ကျွှန်တော်တို့ဒီဇိုင်းရဲ့ အရေးကြီးတဲ့ တစ်နေရာဆီဖြစ်တဲ့ ဒီဇိုင်းဆုံချက်( Focal Point ) ဆီကို ဆွဲဆောင်ဖို့အတွက်ပါဘဲ။
ကျွှန်တော်တို့ အနေနဲ့ ဒီဇိုင်းတစ်ခုရဲ့ ဦးစားပေးမှုကို အလွှာ ၃ လွှာ ထိခွဲခြားပြီး မြင်နိုင်ပါတယ်။ ဦးစားပေးမှု ၃ လွှာကတော့ ပထမ ဦးစားပေး၊ ဒုတိယ ဦးစားပေး နဲ့ တတိယ ဦးစားပေးတို့ ဘဲဖြစ်ပါတယ်။ ဒီနေရာမှများသောအားဖြင့် ပထမဦးစားပေးနဲ့ ဒီဇိုင်းဆုံချက်ကတူတူဖြစ်တာများပေမဲ့ ဒီဇိုင်းတင်ဆက်ပုံ(Composition) ပေါ်မူတည်ပြီး တစ်ခါတစ်လေမှာတော့ ဒီဇိုင်းဆုံချက်က ဒုတိယ သို့ တတိယ ဖြစ်သွားတတ်ပါတယ်။
အပေါ်က ပုံမှာဆိုရင် ပုံသဏ္ဍာန်အရရော အရွယ်အစားအရရော အရောင်အရရော မတူတဲ့ အနီရောင်စက်ဝိုင်း ကို ပထမဆုံး ဦးစားပေး အနေနဲ့ရော ဒီဇိုင်းဆုံချက်အနေနဲ့ပါ ကြည့်မိမှာပါ။ ပြီးရင်တော့ အညှိရောင် လေးထောင့်ကွက် ၃ ခု က အရောင်အရ သူ့နဲ့အရွယ်အစားတူတဲ့ လေးထောင့်ကွက်တွေထက် ပိုပြီး လွှမ်းမိုးမှုရှိတဲ့အတွက် ဒုတိယ ဦးစားပေးအနေနဲ့ ရှိပြီး မီးခိုးရောင် လေးထောင့်ကွက်တွေကတော့ တတိယဦးစားပေးအနေနဲ့ရှိပါတယ်။
ဦးစားပေးမှုကို ဒီဇိုင်းပုံသေနည်းအမြောက်အများနဲ့ ပြသနိုင်ပြီး အဲ့ထဲက အသုံးများတဲ့ အချို့ကတော့
– မတူခြားနားမှု
– နေရာအထားအသို
– သဘာဝမကျမှု
– တစ်နေရာထဲသို့ ညွှန်ပြခြင်း စတာတွေဘဲဖြစ်ပါတယ်။
မတူခြားနားမှု
မတူခြားနားမှုနဲ့ ပတ်သတ်ပြီး တော့ ကျွှန်တော်တို့ အပိုင်း ၅ မှာ ရေးသားပြီးသား ဖြစ်တာကြောင့် အသေးစိတ်တော့ မရေးတော့ပါဘူး။ ဒီဇိုင်းမှာ မတူခြားနားမှုသုံးပြီး ဦးစားပေးမှုကို ပြချင်တယ်ဆိုရင်တော့ အရွယ်အစားရယ် အရောင်ရယ်ကို အများဆုံး အသုံးပြုကြပါတယ်။
နေရာအထားအသို
နေရာအထားအသို နဲ့ ဦးစားပေးမှုကို ဖန်တီးမယ်ဆိုရင်တော့ ကျွှန်တော်တို့ အနေနဲ့ အမြင်ပိုင်းဆိုင်ရာ အလေးချိန်သဘောတရားကို ထည့်သွင်းစဉ်းစားအသုံးပြုနိုင်ပါတယ်။ အမြင်ပိုင်းဆိုင်ရာ အလေးချိန်အရ ပိုလေးလေ ပိုပြီး အမြင်အာရုံကို ဆွဲဆောင်လေဖြစ်ပါတယ်။
အမြင်ပိုင်းဆိုင်ရာ အလေးချိန်သဘောတရားအရ နေရာအထားအသိုနဲ့ ပတ်သတ်တဲ့ အချက်တွေကတော့ –
– အမြင်ပိုင်းဆိုင်ရာ အလယ်ဗဟိုက အလေးဆုံးဖြစ်ပြီး သူက ဒေါင်လိုက်ထက်ဝက်ပိုင်းမျဉ်းရဲ့ အပေါ်မှာရှိပါတယ်။ ဒီနေရာမှာပြောချင်တာက အမြင်ပိုင်းဆိုင်ရာအရ ဗဟိုက တကယ့်ဗဟိုမှတ်ထက်အပေါ်ဘက် အနည်းငယ်မှာရှိပါတယ်။
– အရာဝတ္ထုတွေဟာ အလယ်ဗဟို သို့ ပထမဦးစားပေး ဒီဇိုင်းအစိတ်အပိုင်းကနေ ဝေးလေ ပိုလေးလေဖြစ်ပါတယ်။
– ဒီဇိုင်းရဲ့ အပေါ်ပိုင်းမှာရှိတဲ့ အစိတ်အပိုင်းတွေက အောက်မှာရှိတဲ့ အစိတ်အပိုင်းထက်ပိုလေးပါတယ်။
– ဒီဇိုင်းရဲ့ ဘယ်ဘက်မှာရှိတဲ့ အရာထက် ညာဘက်မှာရှိတဲ့အရာက ပိုလေးပါတယ်။
– သီးခြားဖြစ်တဲ့အရာကို ပိုလေးတယ်လို့ ခံစားရပါတယ်။
အပေါ်က ပုံမှာဆိုရင်တော့ နေရာအထားအသိုအရ ပထမဦးစားပေး ပုံကို ညာဘက်မှာထားထားတဲ့ အတွက် အမြင်ပိုင်းအရ ပိုပြီး အလေးသာသွားတဲ့ အပြင် သူ့ကို အရောင်အရရော အရွယ်အစားအရပါ မြင့်မားတဲ့ မတူခြားနားမှုကို အသုံးပြုထားတဲ့အတွက် ဒီပုံကိုကြည့်မယ်ဆိုရင် သူ့ကိုဘဲ အရင်ဆုံး ပထမဦးစားပေးအနေနဲ့ ကြည့်မိကြမှာပါ။ ပြီးရင်တော့ ပထမဦးစားပေးရဲ့ ညွှန်ပြချက်ကြောင့် ဘယ်ဘက်မှာရှိတဲ့ ပိုသေးတဲ့ အနီရောင်ဝတ်နဲ့ လူကို ကြည့်မှာဖြစ်ပြီး သူ့ ရဲ့ အမှီးရဲ့ ညွှန်ပြမှု၊၊ နီးစပ်စွာထားရှိမှု၊ အရွယ်အစား၊ အရောင် စတဲ့ အချက်တွေကြောင့် ဒီပိုစတာဒီဇိုင်းရဲ့ ဆုံချက်ဖြစ်တဲ့ Devil’s Puppet ဆိုတဲ့ ခေါင်းစဉ်ကိုကြည့်မိမှာပါ။
သဘာဝမကျမှု
ကျွှန်တော်တို့ပတ်ဝန်းကျင်မှာ သဘာဝ မဆန်တဲ့အရာတွေ၊ ကျွှန်တော်တို့ ရဲ့ သိတဲ့ အသိကို ဆန့်ကျင်တဲ့ ဖြစ်ရပ်တွေ၊ အသစ်အဆန်းတွေ ကို တွေ့ ရင် စူးစမ်းမိတာက လူတွေရဲ့သဘာဝပါဘဲ။ ဒါကြောင့် ဦးစားပေးမှုကို ဖန်တီးတဲ့အခါ သဘာဝမကျမှုက လည်းထည့်သွင်းအသုံးပြု နိုင်တဲ့ အချက်တစ်ချက်ဘဲဖြစ်ပါတယ်။
အပေါ်ကပုံမှာဆိုရင်တော့ သဘာဝမကျတဲ ခရင်းပုံစံကို အသုံးပြုထားတဲ့ အတွက် သူ့ကို ပထမဦးစားပေးအနေနဲ့ ကြည့်မှာဖြစ်ပါတယ်။
အပေါ်ကပုံမှာဆိုရင်တော့ သဘာဝမကျတဲ့ လေထဲမှာလွင့်နေတဲ့သူကို ပထမဦးစားပေးအနေနဲ့တွေ့ရမှာဖြစ်ပြီး အဲ့လို ဦးစားပေးအနေနဲ့ ကြည့်ဖြစ်အောင်လို့ အနီရောင်ခေါင်းအုံးက အထောက်အပံ ပေးထားပါတယ်။
တစ်နေရာထဲသို့ ညွှန်ပြခြင်း
ဒီဇိုင်းတွေမှာ ဒီဇိုင်းဆုံချက်တစ်ခုဆီကို ညွှန်ပြချင်တဲ့ အခါမှာ ဒီနည်းလမ်းကို အသုံးပြုပြီး ဒီနည်းလမ်းမှာတော့ ပထမဦးစားပေးနဲ့ ဒီဇိုင်းဆုံချက်က မတူကြပါဘူး။ ဒီဇိုင်းဆုံချက်ဆိုတော့ ကတော့ အပေါ်မှာပြောခဲ့သလိုဘဲ ကျွှန်တော်တို့ဒီဇိုင်းမှာပြချင်တဲ့ အရေးကြီးတဲ့ အပိုင်းကို ပြောတာဖြစ်ပါတယ်။
အပေါ်ကပိုစတာမှာဆိုရင်တော့ အမည်းရောင်အရိပ်ကို သူ့ အရွယ်အစားကြောင့် ပထမဦးစားပေးအနေနဲ့ တွေ့ရမှာဖြစ်ပြီး သူကနေညွှန်ပြလိုက်တဲ့ လူပုံစံကိုတော့ ဒိုတိယဦးစားပေးအနေနဲ့ တွေ့ရမှာဖြစ်ပြီး ဆက်ပြီးတော့ ဘေးမှာရှိတဲ့ ခေါင်းစဉ်ကို လူပုံနဲ့ အရောင်တူတူသုံးပေးခြင်း၊ အရွယ်အစားပိုကြီးထားခြင်းနဲ့ ၊ အနီးကပ်ထားပေးခြင်းစတာတွေနဲ့ ဆက်ပြီးကြည့်အောင်တွန်းအားပေးထားသလို သူတို့ နှစ်ခုရဲ့ အဆက်ဆက်ရှိတာကို ပြထားတာလည်းတွေ့နိုင်ပါတယ်။ ဒီပိုစတာမှာဆိုရင်တော့ ဒီဇိုင်းဆုံချက်ဖြစ်တဲ့ လူပုံကို ပထမဦးစားပေးက တစ်နေရာထဲ ညွှန်ပြခြင်းနည်းလမ်းနဲ့ ထောက်ပံပေးထားတာကို တွေ့ နိုင်ပါတယ်။
အပေါ်ကရုပ်ရှင်ပိုစတာမှာတော့ ကျောက်ဆောင်တွေကို ပထမဦးစားပေးအနေနဲ့ တွေ့ နိုင်ပြီး သူတို့ တွေရဲ့ တစ်နေရာထဲ ညွှန်ပြမှုကြောင့် အလယ်မှာရှိတဲ့ ဒီဇိုင်းဆုံမှတ်ဖြစ်တဲ့ လူကို တွေ့မှာဖြစ်ပါတယ်။ ဒီနေရာမှာဆိုလည်း လူက တွက်ချက်မှုအရ အလယ်အမှတ်ထက် အပေါ်မှာရှိတဲ့ အမြင်ပိုင်းဆိုင်ရာ အလယ်မှတ်မှာရှိနေတာကို သတိထားမိမှာပါ။
ဒါတွေကတော့ ဂရပ်ဖစ်ဒီဇိုင်းနဲ့ အခြေခံပုံသေနည်းတစ်ခုဖြစ်တဲ့ Emphasis ( ဦးစားပေးမှု ) နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတစ်ချို့ဖြစ်ပြီး နောက်တစ်ပိုင်းမှာတော့ ဒီဇိုင်းပုံသေနည်းနောက်တစ်ခုဖြစ်တဲ့ စည်းချက်ညီမှု ( Rhythm ) အကြောင်းကို ရေးသားပေးသွားမှာပါ။ ဒီဆောင်ပါးနဲ့ ပတ်သတ်ပြီး မေးချင်တာဘဲဖြစ်ဖြစ်၊ ဆွေးနွေးချင်တာဘဲဖြစ်ဖြစ် အောက်မှာရှိတဲ့ Comment မှာ ၀င်ရောက်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။
အားလုံးဘဲ မင်္ဂလာရှိတဲ့နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။
ရှင်းလင်းစွာသိရလို့ကျေးဇူးပါ