ဂရပ်ဖစ်ဒီဇိုင်းအခြေခံ အပိုင်း ( ၇ ) – စည်းချက်ကျမှု
ဂရပ်ဖစ်ဒီဇိုင်းအခြေခံ ဆောင်းပါးတွဲရဲ့ ဒီဇိုင်းပုံသေနည်းတွေထဲက နောက်ထပ်တစ်ခုဖြစ်တဲ့ စည်းချက်ကျမှု ( Rythm ) တွေအကြောင်းရေးသားသွားပါမယ်။ အရင်အပိုင်းတွေ မဖတ်ခဲ့ရသေးဘူးဆိုရင်တော့ ဒီအောက်က Link တွေမှာ သွားပြီးဖတ်နိုင်ပါတယ်။
အပိုင်း ( ၁ ) – ဂရပ်ဖစ်ဒီဇိုင်း အစိတ်အပိုင်းများ
အပိုင်း ( ၂ ) – ဂရပ်ဖစ်ဒီဇိုင်း ပုံသေနည်းများနှင့် ဟန်ချက်ညီမှု
အပိုင်း ( ၃ ) – လှုပ်ရှားမှု
အပိုင်း ( ၄ ) – ထပ်တလဲလဲဖြစ်မှု
အပိုင်း ( ၅ ) – မတူခြားနားမှု
အပိုင်း ( ၆ ) – ဦးစားပေးမှု
စည်းချက်ကျမှု ( Rhythm )
ကျွှန်တော်တို့ရဲ့ ဒီဇိုင်းမှာ အစိတ်အပိုင်းတစ်ခုခုကို တစ်ခုထပ်ပိုသုံးရင် ထပ်တလဲလဲဖြစ်မှုကို ဖြစ်ပေါ်စေပြီး ထပ်တလဲလဲဖြစ်မှု ကို တစ်ခုထပ်ပိုပြီး အသုံးပြုမယ်ဆိုရင်တော့ စည်းချက်ကျမှုဆိုတာဖြစ်လာပါတယ်။စည်းချက်ကျမှုဆိုတာ ကျွှန်တော်တို့ ဒီဇိုင်းမှာရှိတဲ့ ဒီဇိုင်းအစိတ်အပိုင်းတွေ တစ်ခုနဲ့ တစ်ခု ကို နေရာလွတ်တွေကနေတစ်ဆင့် အပြန်အလှန်ဆက်သွယ်ပြီး အသက်ဝင်တဲ့ စည်းချက်တစ်ခုဖြစ်လာတာကို ပြောတာပါ။ ဒါကြောင့် စည်းချက်ကျမှုဆိုတာကို ကျွှန်တော်တို့ ကြိုတင်ပြင်ဆင်မှု မလုပ်ခဲ့ရင်တောင် ကျွှန်တော်တို့ အသုံးပြုမိတဲ့ ဒီဇိုင်းပုံသေနည်းတစ်ခုဘဲဖြစ်ပါတယ်။
ဂရပ်ဖစ်ဒီဇိုင်းဆိုတာ အနုပညာဆိုတဲ့ ဘာသာရပ်ကနေ ဆင်းသက်လာတာဖြစ်တဲ့အတွက် သူ့ရဲ့ ၀မ်းကွဲညီအကိုတွေဖြစ်တဲ့ ဂီတ၊ အက၊ ပန်းချီ၊ ပန်းပု စတဲ့ ဘာသာရပ်တွေမှာလည်း စည်းချက်ကျမှုကို တွေ့ နိုင်ပါတယ်။ စည်းချက်ကျမှုကို နားလည်ဖို့ ဆိုရင်တော့ ကျွှန်တော်တို့နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ဂီတ နဲ့ တွဲပြီးလေ့လာကြည့်ရင်သိနိုင်ပါတယ်။
ဂီတမှာ ဒို၊ ရေ၊ မီ၊ ဖာ လိုအခြေခံဂီတသံတွေနဲ့ ဖွဲ့စည်းထားသလို ကျွှန်တော်တို့ ဒီဇိုင်းမှာ လည်း သက်ဆိုင်ရာ မျဉ်း၊ ပုံသဏ္ဍာန်၊ အရောင်စတဲ့ ဒီဇိုင်းအခြေခံတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဂီတမှာ ဒို၊ ရေ၊ မီ၊ ဖာ စတဲ့ အခြေခံဂီတသံတွေကို သင့်တော်သလိုတွဲဖက်ပြီး ထပ်ခါထပ်ခါ အသုံးပြုရင် Chord လို့ခေါ်တဲ့ မိတ်ဖက်သံတွဲကို ရပြီး ဒီဇိုင်းမှာတော့ မျဉ်း၊ ပုံသဏ္ဍာန်၊ အရောင်တွေကို ထပ်ခါထပ်ခါ တွဲဖက်အသုံးပြုရင်တော့ Pattern လို့ခေါ်တဲ့ ပုံစံတူပုံဖော်ဒီဇိုင်းကို ရပါတယ်။ ဂီတမှာတော့ Chord တွေကို သေချာဂရုစိုက်ပြီး ဖန်တီးမယ်ဆိုရင် စည်းချက်ကျတဲ့ သီချင်းတစ်ပုဒ်ကိုရမှာဖြစ်ပြီး ကျွှန်တော်တို့ရဲ့ ဒီဇိုင်းမှာ Pattern တွေကို စိတ်ဝင်စားဖို့ကောင်းအောင် ရေးဆွဲခဲ့မယ်ဆို ရင်တော့ စည်းချက်ကျတဲ့ ဒီဇိုင်းတစ်ခုကို ရရှိမှာဖြစ်ပါတယ်။
စည်းချက်ကျမှုကို စနစ်တကျအသုံးချမယ်ဆိုရင်တော့ ကျွှန်တော်တို့ရဲ့ ဒီဇိုင်းမှာရှိတဲ့ နေရာလွတ်တွေကို အသက်ဝင်တဲ့နေရာလွတ်တွေအဖြစ် အသက်သွင်းနိုင်ပါတယ်။ ဒီနေရာမှာ နေရာလွတ်တွေကို အခြေခံအားဖြင့် ငြိမ်သက်နေတဲ့ နေရာလွတ် (passive space) နဲ့ အသက်ဝင်တဲ့ နေရာလွတ် (active space) ဆိုပြီးနှစ်မျိုးရှိပါတယ်။
ငြိမ်သက်နေတဲ့ နေရာလွတ် (passive space)
ဒီဇိုင်းထဲမှာရှိတဲ့ အစိတ်အပိုင်းတွေကို သက်ရောက်မှုမရှိတဲ့ နေရာလွတ်တွေကို ငြိမ်သက်နေတဲ့ နေရာလွတ် ဆိုပြီးသတ်မှတ်ပါတယ်။ ဥပမာအားဖြင့်ဆိုရင်တော့ ကျွှန်တော်တို့တွေ အလယ်မှာဘဲ စာနဲ့ ပုံရိပ်တွေရှိတဲ့ Website ဒီဇိုင်းတို့ စာအုပ်ဖုံးဒီဇိုင်းတို့ကို တွေ့ဖူးမှာပါ။ အဲ့လိုဒီဇိုင်းတွေမှာဆို သူ့ရဲ့ အဓိက ရည်ရွယ်ချက်က စာကို အလည်မှာဘဲရှိစေချင်တာဖြစ်ပြီး ဘေးနားက နေရာလွတ်ကို ထည့်သွင်းစဉ်းစားခြင်းမရှိပါဘူး။ အဲလိုနေရာလွတ်မျိုးကို ငြိမ်သက်နေတဲ့ နေရာလွတ်ဆိုပြီး ခေါ်နိုင်ပါတယ်။ ငြိမ်သက်နေတဲ့ နေရာလွတ်တွေကတော့ အမြဲတမ်း ဘယ်ဘက်ရော ညာဘက်မှာပါ အချိုးတူတဲ့ နေရာလွတ်တွေအနေနဲ့ ရှိပါတယ်။
အပေါ်က ၀က်ဆိုဒ်ဒီဇိုင်းပုံမှာဆိုရင် အောက်မှာရှိတဲ့ စာပိုဒ်တွေရဲ့ ဘေးနှစ်ဖက်က နေရာလွတ်တွေကို တွေ့နိုင်မှာပါ။ သူတို့တွေကတော့ ဒီ ဒီဇိုင်းထဲမှာ တမင်ကြံရွယ်ပြီး ထည့် ဆွဲထားတာမျိုးမဟုတ်ဘဲ စာပိုဒ်တွေကို ဒီဇိုင်းရဲ့ အလယ် ကိုပို့ချင်တာကသာ အဓိကရည်ရွယ်ချက်ဖြစ်ပါတယ်။ ဒါကြောင့်ဘယ်သူကမှလည်း ထည့်သွင်းပြီးစဉ်းစားမှာ မဟုတ်တဲ့အတွက် သူကတော့ သာမန် ငြိမ်သက်နေတဲ့ နေရာလွတ် အဖြစ်သာ ဖြစ်သွားပါတယ်။
အပေါ်က စာအုပ်ဖုံးမှာဆိုလည်း စာတွေရော ပုံတွေကိုပါ အလယ်မှာဘဲထားထားတဲ့အတွက် သူ့ မှာရှိတဲ့ နေရာလွတ်တွေကို လူတွေက ထည့်သွင်းပြီးစဉ်းစားမှာမဟုတ်ပါဘူး။ အဲ့လိုနေရာလွတ်မျိုးကိုတော့ ငြိမ်သက်နေတဲ့ နေရာလွတ်လို့ခေါ်ပါတယ်။
အသက်ဝင်တဲ့ နေရာလွတ် (active space)
အသက်ဝင်တဲ့ နေရာလွတ်တွေ ဆိုတာကတော့ နေရာလွတ်တွေကို အသုံးပြုပြီး ဒီဇိုင်းတစ်ခုကို ပိုမိုအသက်ဝင်အောင်ရေးဆွဲထားတဲ့ နေရာလွတ်တွေကိုပြောတာဖြစ်ပါတယ်။ အဲလိုမျိုး အသက်ဝင်တဲ့ နေရာလွတ်တွေ ရရှိလာဖို့ဆိုရင်တော့ ကြိုတင်ပြင်ဆင်မှုတွေလိုပြီး အသက်ဝင်တဲ့ နေရာလွတ် ထည့်သွင်းထားတဲ့ ဒီဇိုင်းတွေမှာဆိုရင် နေရာလွတ်တွေဟာ ဒီဇိုင်းအစိတ်အပိုင်းကို လွှမ်းမိုးနိုင်ပြီး ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ ရလဒ်မျိုးကို ရစေပါတယ်။ ဒီလိုအသုံးချမှုပုံစံမျိုးတွေကို အမှတ်တံဆိပ်ရေးဆွဲမှုတွေမှာဆိုလည်း ထည့်သွင်းအသုံးချတာကို တွေ့ နိုင်မှာပါ။
အပေါ်က စာအုပ်ဖုံးမှာဆိုရင် လိပ်ပြာက အပေါ်ကို ပျံသန်းမဲ့ပုံစံမျိုးကို ခံစားစေပါတယ်။ ဒါက နေရာလွတ်ကို ထည့်သွင်းခံစားမိအောင်ရေးဆွဲထားတဲ့ ဒီဇိုင်းတစ်ခုဖြစ်ပြီး အကယ်၍သာ လိပ်ပြာကို အလယ်တည့်တည့်မှာထားလိုက်မယ်ဆိုရင် ပုံမှန် မှန်ဘောင်ထဲမှာမြင်ရတဲ့ အကောင်လိုမျိုးဘဲဖြစ်သွားမှာပါ။ ဒီလို ရေးဆွဲထားတဲ့ နေရာလွတ်တွေကို တော့ အသက်ဝင်တဲ့ နေရာလွတ်တွေလို့ ခေါ်နိုင်ပါတယ်။
အပေါ်ကပုံကတော့ အသက်ဝင်နေတဲ့ နေရာလွတ်ပုံစံနမူနာ နောက်တစ်ခုပါ။ အပေါ်မှာဆိုရင်တော့ လက်ကိုပုံမှန် ပုံလိုမသုံးဘဲ ညာဘက်မှာရှိတဲ့ စာအုပ်ခေါင်းစဉ်ကို ညွှန်ပြနေသလိုဖြစ်တဲ့ အပြင် စာရေးဆရာနာမည်ကိုပါ ဖတ်ရှုဖို့ အထောက်အကူပေးပါတယ်။
ဒါကတော့ စည်းချက်ကျမှုကို အသုံးပြုပြီး ဖန်တီးနိုင်တဲ့ အသက်ဝင်တဲ့ နေရာလွတ်တွေအကြောင်းပါ။ စည်းချက်ကျမှုကို ထပ်တလဲလဲဖြစ်မှု၊ မတူခြားနားမှု(အထူ/အပါး ၊ အလင်း/အမှောင်)၊ တစ်ဆင့်ခြင်းပြောင်းလဲခြင်း( အဖြူမှ အမည်း၊ အသေးမှ အကြီး) စတဲ့နည်းလမ်းတွေကို အသုံးပြုပြီး ဖန်တီနိုင်ပါတယ်။ အဓိကအားဖြင့်တော့ စည်းချက်ကျမှုကို အခြေခံအားဖြင့် ၃ ပိုင်းခွဲခြားထားပါတယ်။အဲ့ဒါတွေကတော့
၁)ပုံမှန်စည်းချက်ကျမှု
၂)စီးမျောမှုရှိသည့် စည်းချက်ကျမှု
၃)အဆင့်ဆင့် စည်းချက်ကျမှု တို့ဘဲဖြစ်ပါတယ်။
၁) ပုံမှန်စည်းချက်
ဒီစည်းချက်ကျမှုပုံစံကတော့ တူညီတဲ့ ဒီဇိုင်းအစိတ်အပိုင်းတစ်ခုခုကို ထပ်ခါထပ်ခါ တူညီတဲ့အသုံးပြုပုံစံမျိုးနဲ့ အသုံးပြုတဲ့ စည်းချက်ကျမှုမျိုးပါ။ ဒီလိုစည်းချက်ကျမှုမျိုးကို ကြည့်မယ်ဆိုရင် နောက်ထပ်တစ်ခုက ဘယ်လိုပုံဖြစ်မယ်ဆိုတာကို ခန့်မှန်းနိုင်ပါတယ်။ ဒါကြောင့် ဒီလိုစည်းချက်ကျမှု မျိုးကတော့ ဆွဲဆောင်မှုအပိုင်းမှာ အနည်းငယ် အားနည်းပါတယ်။ အများအားဖြစ်ကတော့ ဒီလိုစည်းချက်ကျမှုမျိုးတွေဟာ ဒေါင်လိုက် (သို့) အလျားလိုက် ထပ်ကာထပ်ကာ အသုံးပြုတာများပါတယ်။ ဒါကြောင့် ဒီလိုစည်းချက်ကျမှုမျိုးကို သုံးမယ်ဆိုရင် မတူညီတဲ့ အစိတ်အပိုင်း တစ်ခုခုကို ထည့်သွင်းရေးဆွဲခြင်းဖြင့် ဆွဲဆောင်မှုအပိုင်းကို ပံပိုးနိုင်ပါတယ်။ ဥပမာ အကွားအဝေးတူရင် အရွယ်အစားကို အကြီး အသေး တစ်လှည့်စီထားတာတို့ အရွယ်တူရင် အကွာအဝေးကို နီးလိုက် ဝေးလိုက် တစ်လှည့်စီသုံးပေးတာတို့ဖြစ်ပါတယ်။
အပေါ်မှာရှိတဲ့ပုံထဲမှာဆိုရင် ပြတင်းပေါက်တွေ အားလုံးက ပုံစံတူတူဘဲမို့ နောက်လာမဲ့ ပြတင်းပေါက်က ဘယ်လိုပုံလဲဆိုတာကို အလိုလို သိပါတယ်။ ဒီလိုစည်းချက်ကျမှုမျိုးကိုတော့ ပုံမှန်စည်းချက်ကမှုလို့ခေါ်ပါတယ်။
အပေါ်ကအမှတ်အသားတံဆိပ်မှတော့ ပုံမှန်စည်းချက်ကျမှုကို သုံးထားတာကိုတွေ့ရမှာပါ။ ဒါပေမဲ့လည်း ဒီပုံမှာတော့ ပိုမိုကောင်းမွန်တဲ့ ဆွဲဆောင်မှုရှိအောင်အရွယ်အစားအားဖြင့် ကွဲပြားမှုကိုရေးဆွဲထားတာကို တွေ့နိုင်မှာပါ။ ဒီပုံမှာအရွယ်အစားအရ ကွာခြားပေမဲ့လည်း သူ့ရဲ့ စည်းချက်ကျမှုဟာ နောက်ဘာဖြစ်မယ် မှန်းဆလို့ရတဲ့အတွက် ရတဲ့အတွက် သူ့ကို ပံမှန်စည်းချက်ကျမှုအဖြစ်ဘဲ သတ်မှတ်နိုင်ပါတယ်။
၂)စီးမျောမှုရှိသည့် စည်းချက်ကျမှု
ကျွှန်တော်တို့ အသုံးပြုတဲ့ ဒီဇိုင်းအစိတ်အပိုင်းတွေ(သို့) အစိတ်အပိုင်း တစ်ခုနဲ့ တစ်ခုကြားက ကြားခံနယ်တွေဟာ ပုံစံတူပေမဲ့လည်း သဘာဝဆန်တဲ့ မတူညီမှုတွေရှိတဲ့ အချိန်မျိုးတွေမှာ ဒီလို စည်းချက်ကျမှုမျိုးကို တွေ့ နိုင်ပါတယ်။ ဥပမာအနေနဲ့ ဆိုရင် မြင်းကျားမှာ ရှိတဲ့ အစင်းတွေဟာ တစ်ခုနဲ့တစ်ခု ပုံစံတူပေမဲ့ လူလုပ်ထားသလို အတိအကျကြီးချွတ်စွပ်တူတမျိုးမဟုတ်ပေမဲ့လည်း အားလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင်တော့ စီးမျောမှုရှိတဲ့ စည်းချက်ကျမှုကို တွေ့ နိုင်မှာပါ။
အပေါ်မှာရှိတဲ့ Sydney Opera House ဟာဆိုရင်တော့ သူ့ရဲ့ပုံ့သဏ္ဍာန်ကို လိမ္မော်သီးကို အခွံနွာတဲ့ ပုံစံကိုမှီးငြမ်းပြီး ယူထားတာဖြစ်ပြီး သူကိုကြည့်မယ်ဆိုရင်တော့ တစ်ခုနဲ့ တစ်ခုမတူသလို ရှိပေမဲ့လည်း ခြုံကြည့်လိုက်မယ်ဆိုရင် တစ်စုတစ်စည်းတည်းဖြစ်သလိုခံစားရမှာပါ။ ဒီလိုစဉ်းချက်ကျမှုမျိုးကို စီးမျောမှုရှိသည့် စီးချက်ကျမှုလို့ခေါ်ပါတယ်။
အပေါ်ကပုံမှာဆိုရင်တော့ စားသောက်ဆိုင်ရဲ့ နရံတွေကို သဘာဝဆန်ဆန်ပုံဖော်ထားတာကို တွေ့ရမှာပါ။ အဲလိုစည်းချက်ကျမှုမျိုးကို စည်းမျောမှုရှိသည့် စည်းချက်ကျမှုလို့ ခေါ်ဆိုနိုင်ပါတယ်။
အပေါ်မှာရှိတဲ့ ဒီဇိုင်းက မျဉ်းတွေဟာ စီးမျောမှုရှိတဲ့ စည်းချက်ကျမှုကို အသုံးပြုထားတာဖြစ်ပါတယ်။
၃)အဆင့်ဆင့်စည်းချက်ကျမှု
ဒီစည်းချက်ကျမှုကတော့ ပုံသဏ္ဍာန် (သို့)ထုထည် တစ်ခုကို နည်းရာမှ များရာ (သို့) များရာမှ နည်းရာ အဆင့်ဆင့်ဖော်ပြတဲ့ နေရာမျိုးမှာတွေ့ နိုင်ပါတယ်။ ဒီစည်းချက်ကျမှုမှာတော့ ဒီဇိုင်းအစိတ်အပိုင်းတွေက ပုံစံတူပေမဲ့လည်း ထပ်တူညီမှုတစ်ခုတိုင်းမှာ မတူညီမှုတွေရှိလာပါတယ်။ ဒီစည်းချက်ကျမှုမှာတော့ ဒီဇိုင်းအစိတ်အပိုင်းအရ နည်းရာမှ များရာ (သို့) များရာမှနည်းရာကို ဦးတည်ချက်တစ်ခုအနေနဲ့ စည်းချက်ကျနိုင်သလို ဒီဇိုင်းအစိတ်အပိုင်းနှစ်ခုကြားက ကြားခံနယ်တွေက လည်း မတူညီမှုဖြစ်တာတွေဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း အဲလိုမတူညီမှုတွေကဘဲ အဆင့်ဆင့်စည်းချက်ကျမှုကို ပိုမို အသက်ဝင်စေပြီး ဆွဲဆောင်မှုရှိစေပါတယ်။ ကျွှန်တော်တို့ ဒီဇိုင်းတွေမှာသုံးတဲ့ Gradient လို့ခေါ်တဲ့ ရောင်ပြေးတွေဟာ အရောင်တန်ဖိုးအားဖြင့် အဆင့်ဆင့် စည်းချက်ကျမှုကို ဖော်ပြနေတာဖြစ်ပါတယ်။
အပေါ်မှာရှိတဲ့ Josef Müller-Brockmann ရေးဆွဲထားတဲ့ Swiss ပိုစတာဒီဇိုင်းမှာ အသုံးပြုထားတဲ့ စက်ဝိုင်းတွေဟာဆိုရင် အဆင့်တိုင်းအဆင့်တိုင်းမှာ နှစ်ဆကြီးသွားတာကို တွေ့ နိုင်မှာပါ။ ဒီလိုမျိုးစည်းချက်ကျမှုကိုတော့ အဆင့်ဆင့်စည်းချက်ကျမှုလို့ခေါ်ပါတယ်။
အပေါ်ကပုံမှာဆိုရင်တော့ ဂေါက်ရိုက်တဲ့သူလွှဲလိုက်တဲ့ အရှိန်ကိုဖော်ပြနေတဲ့ မျဉ်းလေးတွေက နည်းရာက များရာကိုသွားတာတွေ့ရမှာပါ။ အဲလိုအရွယ်အစားရမတူပေမဲ့လည်း ပုံသဏ္ဍာန်အရတူပြီး နည်းရာက များရာကို သွားတဲ့ စည်းချက်ကမှုမျိုးကို အဆင့်ဆင့် စဉ်းချက်ကျမှုလို့ခေါ်ပါတယ်။ ဒီအမှတ်တံဆိပ်ရဲ့ ထူးခြားချက်ကတော့ ခြုံကြည့်လိုက်မယ်ဆိုရင် သူ့အမှတ်တံဆိပ်ရဲ့ နာမည်ဖြစ်တဲ့ စပါတန်စစ်သား ပုံစံဖြစ်သွားတာပါဘဲ။
အပေါ်က NBC အမှတ်တံဆိပ်မှာတော့ ဒေါင်းရဲ့ နောက်ခံအတောင်ပုံစံတွေဟာ အေ၇ာင်အားဖြင့်အဆင့်ဆင့်စည်းချက်ကျမှုကို အသုံးပြုထားတာဖြစ်ပါတယ်။
အားလုံးကိုခြုံပြောရမယ်ဆိုရင်တော့ စည်းချက်ကျမှုတွေက ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ရှိပေမဲ့လည်း စနစ်တကျအသုံးပြုတတ်မယ်ဆိုရင်တော့ ကျွှန်တော်တို့အနေနဲ့ ကျွှန်တော်တို့ ဒီဇိုင်းမှာရှိတဲ့ နေရာလွတ်တွေကို အသက်ဝင်စေမဲ့ အပြင် ပိုမိုဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းတွေကိုလည်း ရေးဆွဲလာနိုင်မှာပါ။ ဒါကတော့ စည်းချက်ကျမှုနဲ့ ပတ်သတ်တဲ့ အကြောင်း အရာတစ်ချို့ ဘဲဖြစါပြီး နောက်အပတ်မှာတော့ ဒီသင်ခန်းစာတွဲရဲ့ နောက်ဆုံးသင်ခန်းစာဖြစ်တဲ့ တစ်စုတစ်စည်းတည်းရှိမှု – ( Unity ) အကြောင်းကို ဆက်လက်ရေးသားပေးသွားပါမယ်ခင်ဗျာ။
ဒီဆောင်းပါးတွေနဲ့ ပတ်သတ်ပြီး မေးစရာတို့ ဆွေးနွေးစရာတို့ရှိရင်လည်း အောက်မှာရှိတဲ့ Comment Box ထဲကို ၀င်ရောက်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။
design ပိုင်းကိုစတင်လေ့လာသူတွေဘယ်လိုလုပ်သင့်ပါသလဲသင်တန်းတက်တာကကျွမ်းကျင်တဲ့designer တစ်ယောက်မဖြစ်စေနိုင်ပါဘူးအာ့ကြောင့်သင်တန်းလဲတက်ပြီးကိုယ့်ဘာသာလေ့လာဖို့ဆိုရင်ဘယ်ကစလုပ်သင့်ပါသလဲဖြေပေးပါနော်ကျေးဇူးတင်ပါတယ်
သင်တန်းအများစုကတော့ အချိန်အတိုင်းအတာအရ များသောအားဖြင့် Photoshop တို့ Ai တို့လို ဒီဇိုင်းဆွဲတဲ့နေရာမှာ အသုံးပြုတဲ့ Tool တွေဘဲသင်ပေးပါတယ်။ အကယ်၍ ကျွမ်းကျင်တဲ့ ဒီဇိုင်နာဖြစ်ချင်တဲ့ ဆိုရင်တော့ Reading List For Designer ဆိုပြီး Google မှာရှာရင် ဖတ်သင့်တဲ့စာအုပ်စာရင်းတွေထွက်လာပါလိမ့်မယ်။ အဲ့လိုစာအုပ်တွေဖတ်ခြင်းက အခြေခံပိုင်းကို ကျွမ်းကျင်စေမှာပါ။ နောက်ထပ်တစ်နည်းကတော့ အရင်ဆုံး Behance, Dribbble, Pinterest, Fromupnorth, Thedieline, Designspiration စတဲ့ ဒီဇိုင်းနဲ့ပတ်သတ်တဲ့ Inspiration ပေးနိုင်တဲ့ Website တွေများများကြည့်ပြီး စာအုပ်တွေထဲက အခြေခံတွေအတိုင်း ခွဲခြမ်းပြီး ဘယ်လို သဘောတရားတွေသုံးထားတယ်ဆိုတာ နားလည်နိုင်အောင်ကြိုးစားပါ။ ပြီးရင် ကိုယ်အကြိုက်ဆုံး ဒီဇိုင်နာ ၃ ယောက်ကို ရှာပါ။ ပြီးရင် သူ့တို့ လေးစားတဲ့ ဒီဇိုင်နာ ၃ ယောက်ကို ထပ်ရှာပါ။ အဲ့လိုရှာတာက Interview တွေ Blog တွေမှာ များသောအားဖြင့် အလွယ်တကူရှာလို့ရပါတယ်။ ပြီးရင် သူတို့ အသိမှတ်ပြုသမျှ စာအုပ်တွေ၊ အလေ့အကျင့်တွေ၊ လေ့လာပုံတွေကို အတုယူပြီး လိုက်လုပ်ပါ။ အဲ့လိုလုပ်တာတွေလေ့လာပေးရင်တော့ အမြန်ဆုံးတိုးတတ်လာပြီး ကျွမ်းကျင်ဒီဇိုင်နာ တစ်ယောက်ဖြစ်လာနိုင်ပါတယ်။