စာလုံးပုံစံ စီစဉ်ရေးသားနည်း (Typography)
စာလုံးဖွဲ့စည်းပုံ

Typography ဆိုတဲ့ စကားလုံးကတော့ ကျွှန်တော်တို့ ဒီဇိုင်နာတွေနဲ့ သိပ်မစိမ်း ပါဘူး။ ဒီဇိုင်းနဲ့ပတ်သတ်ရင် လေ့လာစရာနည်းပါးတဲ့ ကျွှန်တော်တို့ဆီမှာတော့ Typography နဲ့ပတ်သတ်ပြီး တစ်ချို့နေရာလေးတွေမှာတော့ အယူအဆ လွဲမှားတာလေးတွေရှိကြပါတယ်။ ဒါကြောင့် ဒီနေ့ဆောင်းပါးကို ကျွှန်တော်တို့ဆီက ဒီဇိုင်းကို လေ့လာနေတဲ့ သူတွေအတွက် တစ်နေရာရာက ဖြစ်ဖြစ် အသုံးဝင်အောင်လို့ ရေးသားလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ Typography ဆိုတာဘာလဲ မပြောခင် Typogrpahy နဲ့ ဆင်တူရိုးမှား ဖြစ်တတ်တဲ့ စာလုံးရေးသားနည်း ၂ ခု အကြောင်း အကျဉ်း ချုံ ပြောပေးပါမယ်။ အဲ ၂ ခု က တော့

၁) စာလုံးအလှရေးသားနည်း ( Lettering )
၂) လက်ရေးဆက်ရေးသားနည်း ( Calligraphy ) တို့ဘဲဖြစ်ပါတယ်။

 

၁) စာလုံးအလှရေးသားနည်း ( Lettering )

ဒီရေးသားနည်းကို တော့ကျွှန်တော်တို့ ဆီမှာ Typography နဲ့ မှာယွင်းတတ်ကြပါတယ်။ ဒါကလည်း Font နဲ့ Typeface ကိုမှားသလိုမျိုးဘဲ လေ့လာစရာများတဲ့ နိုင်ငံတကာက တချို့ ဒီဇိုင်နာတွေ တောင် မှာယွင်းတတ်တဲ့အမှားမျိုးပါ။ Lettering နဲ့ ဒီပြင့်ရေးသားနည်းတွေရဲ့ ကွာခြားချက်ကတော့ Lettering ဒီဇိုင်းတိုင်းက စာလုံးတွေကို ဖတ်ရှုဖို့ဆိုတာထက် ဒီဇိုင်းပုံစံတစ်ခုအနေနဲ့ ဖန်တီးပြီး ဒီဇိုင်နာက ပေးချင်တဲ့ စိတ်ခံစားမှုနဲ့ အချက်အလက် အခြေအနေ တစ်ခုအတွက်သာဦးတည် ရေးသားတဲ့ ဒီဇိုင်းတွေဖြစ်ပါတယ်။ Lettering, Calligraphy နဲ့ Typography သုံးမျိုးမှာဆိုရင်တော့ Lettering က စာလုံးတွေကို ရေးသားတယ်ဆိုတာထက် ရေးဆွဲတယ် ဆိုရင်ပိုမှန်ပါလိမ့်မယ်။ Lettering ကိုတော့ ပိုစတာဒီဇိုင်းတွေ၊ ဆိုင်းဘုတ်တွေ၊ ထုတ်ပိုးမှုပုံစံဒီဇိုင်းတွေမှာ အသုံးများကြပါတယ်။

စာလုံးအလှရေးသားနည်းကို အသုံးပြုထားသော ထုတ်ပိုးမှု ပုံစံတစ်ခု

 

စာလုံးအလှရေးသားနည်းကို အသုံးပြုထားသော ပုလင်းဒီဇိုင်းတစ်ခု

 

စာလုံးအလှရေးသားနည်းကို အသုံးပြုထားသော ပိုစတာဒီဇိုင်းတစ်ခု

၂) လက်ရေးလှရေးသားနည်း ( Calligraphy )

လက်ရေးလှရေးသားနည်းလို့ ဆိုတဲ့ အတိုင်းဘဲ စာလုံးတွေကို လက်ရေးဆက်ပုံစံမျိုး အလှရေးသားတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီရေးသားနည်းကို တော့ အစောပိုင်းမှာ မှင် နဲ့ ငှက်မွေးတွေကို အသုံးပြုရေးသားခဲ့ပြီး နောက်ပိုင်းမှာတော့ ငှက်မွေးအစား ဘောပင်နစ်ကို အသုံးပြု ရေးသားကြပါတယ်။ ဘောပင်ကိုင်ပုံအနေအထား နဲ့ အထူးအပါးရေးဆွဲပုံတွေကြောင့် သဘာဝကျပြီး အသက်ဝင်တဲ့ ရေးသားပုံဖြစ်ပါတယ်။ကွန်ပျူတာကို အသုံးပြုပြီးရေးဆွဲနိုင်ပေမဲ့ လည်း လူကိုယ်တိုင်ရေးဆွဲသလို သဘာဝကျပြီး အသက်ဝင်တဲ့ ပုံစံကိုမရနိုင်တာကြောင့် အများစုကတော့ လက်နဲ့သာရေးသားကြပါတယ်။ သူ့ကိုတော့ ဖိတ်စာ တွေမှာ ဖိတ်ကြားမဲ့သူရဲ့ နာမည်ကို လက်နဲ့ ကိုယ်တိုင်ရေးသားရင်း ကိုယ်တိုင်အားထုတ်မှု၊ လေးစားမှု နဲ့ အနုပညာ ကျွှမ်းကျင်မှု ကို ဖော်ပြတဲ့ နေရာမှာ သုံးတတ်ကြသလို မိတ်ဆွေ တစ်ဦးနဲ့ တစ်ဦးကို ခင်မင်မှုအနေနဲ့ စိတ်တတ်ကြွစရာ စကားစုလေးတွေကို ရေးသားရင်းလည်း လက်ဆောင်ပေးတတ်ကြပါသေးတယ်။

 

လက်ရေးလှရေးသားနည်းကို အသုံးပြုထားသော ဒီဇိုင်းတစ်ခု

 

လက်ရေးလှရေးသားနည်းကို အသုံးပြုထားသော စကားစု တစ်ခု

စာလုံးပုံစံ စီစဉ်ရေးသားမှု ( Typography ) ဆိုတာဘာလဲ ?

စာလုံးပုံစံ စီစဉ်ရေးသားမှု ( Typography ) ဆိုတာ စာလုံးတွေကို ရှင်းရှင်းလင်းလင်း နဲ့ ဖတ်ရှုရလွယ်ကူအောင်၊ မျက်စိပဒေသာ ဖြစ်အောင် ပြုလုပ်တဲ့ နည်းစနစ်ကို ပြောတာဖြစ်ပါတယ်။ ကောင်းမွန်တဲ့ စာလုံးပုံစံ စီစဉ်ရေးသားမှု ( Typography ) တစ်ခုဟာ ဖတ်ရှုတဲ့ လူတွေကို သက်ဆိုင်ရာ ခံစားချက်တွေကို ပေးစွမ်းနိုင်ပြီး စာဖတ်ရတာကိုလည်း အဆင်ပြေချောမွေ့စေပါတယ်။ ဒီလို ကောင်းမွန်တဲ့ စီစဉ်ရေးသားမှု တစ်ခုဖြစ်လာဖို့အတွက် အခြေခံအားဖြင့် –

၁) စာလုံး တည်ဆောက်ပုံ
၂) စာလုံး အမျိုးအစားများ
၃) စာလုံး အသုံးပြုပုံ ဆိုပြီး ( ၃ ) ပိုင်း ခွဲပြီး လေ့လာနိုင်ပါတယ်။

 

၁) စာလုံးတည်ဆောက်ပုံ

အပေါ်မှာရှိတဲ့ ပုံကတော့ အခြေခံ စာလုံးပုံစံတည်ဆောက်ပုံ ဖြစ်ပြီးတော့ ပညာရှင်အဆင့်အတွက်တော့ ဒီထပ်ပိုပြီးလေ့လာ သင့်ပါတယ်။ အပေါ်ပုံကို လေ့လာကြည့်မယ်ဆိုရင် ကျွှန်တော်တို့ ငယ်ငယ်က ရေးခဲ့တဲ့ လက်ရေးလှ လေးကြောင်းမျဉ်း စာအုပ်က မျဉ်းတွေလိုဘဲ စာလုံးတွေကို မျဉ်းလေးကြောင်းကို အခြေခံ ဖွဲ့စည်းထားတာကိုတွေ့ နိုင်မှာပါ။ အဲဒါတွေကတော့

အပေါ်သတ်မျဉ်း ( Ascender Line ) – ဒီမျဉ်းကတော့ “b” “d” “f” “h” စတဲ့ အပေါ်အသတ် (Ascender) ပါတဲ့ စာလုံးတွေရဲ့ အမြင့်ကိုပြောတဲ့ မျဉ်းဖြစ်ပါတယ်။
အလယ်မျဉ်း ( mean line ) – ဒီမျဉ်းကတော့ အင်္ဂလိပ် အက္ခရာ “x” အသေး ရဲ့ အောက်ခံမျဉ်းကနေစပြီး ဆုံးတဲ့ နေရာကိုပြောတာဖြစ်ပါတယ်။ တစ်ချို့ကတော့ x-အမြင့်မျဉ်း(x-height line) လို့လည်းခေါ်ကြပါတယ်
အောက်ခံမျဉ်း (baseline) – ဒီမျဉ်းကတော့ စာလုံးတွေကို တင်ရေးတဲ့ မျဉ်းဖြစ်ပါတယ်။
အောက်ခြေမျဉ်း (descender line) – ဒီမျဉ်းကတော့ “g” “j” “p” စတဲ့ အောက်အသတ်ပါတဲ့ စာလုံးတွေရဲ့ အမြင့်ကို ပြောတဲ့ မျဉ်းဖြစ်ပါတယ်။

အဲဒါတွေအပြင် နောက်ထပ်အရေးပါတဲ့ မျဉ်းကတော့ စာလုံးအကြီးမျဉ်း (Cap Line) – လို့ခေါ်တဲ့မျဉ်းဘဲဖြစ်ပါတယ်။ သူကတော့ စာလုံးကြီးတွေရဲ့ ထိပ်နဲ့ထိနေတဲ့ မျဉ်းပါ။ များသောအားဖြင့်တော့ သူက အပေါ်သတ်မျဉ်း (Ascender Line) ရဲ့ အောက်မှာရှိပါတယ်။

ဒါကတော့ စာလုံးတွေရဲ့ တည်ဆောက်ပုံ အောက်ခံမျဉ်းတွေဖြစ်ပြီး အစိတ်အပိုင်းတွေအနေနဲ့ကတော့ –

ပင်စည် (Stem) – စာလုံးတွေရဲ့ ဒေါင်လိုက် ပင်မ မျဉ်းဖြောင့်ကို ပင်စည်လို့ခေါ်ပါတယ်။ အဲဒီမျဉ်းဖြောင့်ကလည်း စာလုံးတွေမှာ အထူဆုံးအပိုင်းဖြစ်ပါတယ်။

 

အမြီး (Tail) – စာလုံးတွေရဲ့ အနားသတ်ပိုင်းက ခွဲထွက်နေတဲ့ အမြီးပုံစံ အပိုင်းလေးကိုပြောတာပါ စာလုံး “Q” “R” “Y” “J” “K” “P” နဲ့ “G” တို့မှာ တစ်ချို့စာလုံးတွေမှာတွေ့နိုင်ပါတယ်။

 

 

အောက်သတ် (Descender) – ဒါကတော့ “g” “j” “p” “q” ’y” စတဲ့ စာလုံးအသေးရဲ့ အောက်ခံမျဉ်း နဲ့ အောက်ခြေမျဉ်းကြားက အပိုင်းကိုပြောတာဖြစ်ပါတယ်။

 

ဝင်ရိုး (Axis) – သူကိုတော့ စာလုံးအမျိုးအစားတစ်ခုရဲ့ စာလုံးပေါ်မှာသက်ရောက်တဲ့ ဖိအားကို တိုင်းတာတဲ့ မျဉ်းကိုပြောတာဖြစ်ပါတယ်။။ ၀င်ရိုးတွေကိုတိုင်းတာဖို့ဆိုရင်တော့ အို(o) စာလုံးအသေးမှာရှိတဲ့ အပါးဆုံးအပိုင်းနှစ်ပိုင်းကို ဆက်ရာကနေဖြစ်လာတဲ့ ၀င်ရိုးကို အဓိကထားပြီးတိုင်းတာပါတယ်။ ၀င်ရိုးကိုတော့ d,g,b,p စတဲ့ အတွင်းသားအပိတ် (Enclosed Counter) ပါတဲ့ အက္ခရာစာလုံးတွေမှာ တွေ့နိုင်ပြီး စာလုံးအမျိုးအစားတွေရဲ့ သွင်ပြင်တွေကို ခွဲခြားတဲ့နေရာမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။

 

အနားဒေါက် (Bracket) – အနားဒေါက်ကို အနားသတ်(Serif) ပါတဲ့ စာလုံးအမျိုးအစားတွေမှာတွေ့နိုင်ပါတယ်။ သူကိုကြည့်ပြီး သူ့စာလုံးအမျိုးအစား (သို့) မှီငြမ်းထားတဲ့ စာလုံးအမျိုးအစားရဲ့ စတင်ပေါ်ပေါက်ခဲ့တဲ့ ခေတ်ကို တွက်ဆလို့ရပါတယ်။ ဒါပေမဲ့ အနားဒေါက်တွေဟာ အနားသတ်ပါတဲ့တွေမှာ မပါတဲ့ အခါမျိုးလည်းရှိပါတယ်။

 

ခွက် (Bowl) – စာလုံးတွေမှာရှိတဲ့ အတွင်းသား အပြည့်ပိတ်ထားတဲ့ လုံးဝန်းတဲ့ အပိုင်းတွေကိုပြောတာဖြစ်ပါတယ်။ သူ့ကိုတော့ d, b, o, D, B,a စတဲ့ အက္ခရာတွေမှာတွေ့ နိုင်ပြီး သူ့ရဲ့ပုံစံပေါ်မူတည်ပြီး စာလုံးကိုတွေကို ပိုမိုဖတ်ရှုရလွယ်ကူမှုပေါ် သက်ရောက်မှုရှိပါတယ်။ ဒါအပြင့် စာလုံးတွေရဲ့ သွင်ပြင်တွေကို ခွဲခြားတဲ့ အခါမှာလည်း အသုံးပြုနိုင်ပါတယ်။

 

အနားသတ် (Serif) – စာလုံးတွေကို စတင်ရေးတဲ့နေရာ နဲက ဆုံးတဲ့ နေရာတွေမှာရေးဆွဲတဲ့ အနားသတ်မျဉ်းလေးဖြစ်ပါတယ်။ စာလုံးအမျိုးအစားတွေကို ခွဲခြားတဲ့နေရာမှာအဓိက သုံးနိုင်ပြီး အနားသတ်ပါတဲ့ အမျိုးအစား (Serif Font) နဲ့ အနားသတ်မပါတဲ့ အမျိုးအစား (Sans Serif Font) ဆိုပြီး အခြေခံအားဖြင့်ခွဲခြားနိုင်ပါတယ်။

 

အပေါ်သတ် (Ascender) – စာလုံးအသေးတွေရဲ့ အလယ်မျဉ်းကနေပြီး အပေါ်သတ်မျဉ်းအထိ အပေါ်ဘက်ကို ဒေါင်လိုက် ထောင်တတ်နေတဲ့ မျဉ်းအစိတ်အပိုင်းကိုပြောတာဖြစ်ပါတယ်။ သူတို့တွေကို b, d, f, h, k, l, t စတဲ့စာလုံးတွေမှာ တွေ့နိုင်ပါတယ်။ အပေါ်သတ်မျဉ်းတွေကြောင့် စာလုံးအသေးတွေကို အသုံးပြုရာမှာ ပိုမိုဖတ်ရှုရလွယ်ကူစေပြီး အင်္ဂလန်မှာဆိုရင် လမ်းညွှန်ဆိုင်းဘုတ်တွေကို စာလုံးကြီးတွေချည်းမဟုတ်ဘဲ အသေးအကြီးရောပြီးရေးတဲ့ ပုံစံကို ပိုမိုဖတ်ရှုရလွယ်ကူအောင်း အသုံးပြုလာတာကို တွေ့နိုင်ပါတယ်။

 

အတွင်းသား (Counter) – စာလုံးတွေရဲ့ အလုံးစုံ (သို့) တစ်စိတ်တစ်ပိုင်းပိတ်နေတဲ့ အတွင်းသားကိုပြောတာဖြစ်ပါတယ်။ တစ်ချို့တွေကတော့ အတွင်းသား ကို အလုံးစုံပိတ်နေတဲ့ စာလုံးတွေဖြစ်တဲ့ A, B, D, O, P, Q, R, a, b, d, e, g, o,
p, q စတဲ့ စာလုံးတွေကိုသာသတ်မှတ်ပြီး သူတို့ကို အတွင်းသားအပိတ် (Enclosed Counter) ပါဝင်တဲ့ စာလုံးဆိုပြီးသတ်မှတ်ပါတယ်။ တစ်စိတ်တစ်ပိုင်းပိတ်နေတဲ့ စာလုံးတွေဖြစ်တဲ့ m, n, c, f, s, u, v, h စတဲ့ စာလုံးတွေကိုတော့ အတွင်းသားအဖွင့်(Opened Counter) (သို့ ) အပေါက်ကျဉ်း (Aperture) ပါဝင်တဲ့ စာလုံးဆိုပြီးလည်း သတ်မှတ်ပါတယ်။

 

ဒါတွေကတော့ စာလုံးဖွဲစည်းပုံရဲ့ လုံးဝအခြေခံကျတဲ့ အပိုင်းတွေဘဲဖြစ်ပြီး ပညာရှင်အဆင့်ထိသွားမယ်ဆိုရင်တော့ ဒီထက်ပိုပြီးလေ့လာဖို့လိုအပ်ပါမယ်။ ဒီလိုစာလုံးတွေရဲ့ ဖွဲစည်းပုံကို သိခြင်းအားဖြင့် စာလုံးပုံစံတွေ ကိုခွဲခြားရာတွေ၊ တွဲဖက်အသုံးပြုရာတွေ၊ အမှတ်တံဆိပ် ဒီဇိုင်းရေးဆွဲရာတွေနဲ့၊ ဖတ်ရှုရလွယ်ကူအောင်လုပ်ရတွေမှာ များစွာ အထောက်အကူ ရမှာဖြစ်ပါတယ်ခင်ဗျာ။ စာလုံး ဖွဲ့စည်းတည်ဆောက်ပုံတွေကို ဒီထပ်ပိုပြီး လေ့လာချင်ရင်တော့ ဒီနေရာမှာ ၀င်ရောက်လေ့လာနိုင်ပါတယ်။ နောက်ထပ်အပိုင်းမှာတော့ စာလုံး အမျိုးအစားခွဲခြားပုံတွေ အကြောင်းကို ပြောပြပေးသွားပါမယ်ခင်ဗျာ။ ဒီဆောင်းပါးနဲ့ ပတ်သတ်ပြီး မေးချင်တာတွေ ဆွေးနွေးချင်တာတွေရှိလည်း အောက်က Comment မှာ ၀င်ရောက် ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

Post comment