ဒီဇိုင်းတစ်ခုကို ဘယ်လောက်ယူရမလဲ

ဒီမေးခွန်းက ကျွန်တော် Freelance စလုပ်ချိန်ထဲက အခက်ခဲဖြစ်ခဲ့တဲ့ မေးခွန်းဖြစ်သလို ဒီဇိုင်းနာတော်တော်များများလည်းသိချင်ကြမယ်လို့ထင်ပါတယ်။ ခုရေးမဲ့ ဆောင်းပါးကတော့ ဈေးနှုန်းတွေဘယ်လိုယူသင့်တယ် ဘယ်လိုအမျိုးအစားတွေရှိတယ်ဆိုတဲ့ ဆောင်းပါးဖြစ်လို့  ဒီဇိုင်နာတွေအတွက် အဓိကထားပြီး ပြောပေမဲ့လည်း ၀န်ဆောင်မှုလုပ်ငန်း လုပ်နေတဲ့သူတိုင်းအတွက်အသုံးဝင်မှာပါ။ အဲ့တော့ ကျွန်တော်တို့ တွေ ဈေးနှုန်းအမျိုးအစားတွေကို ကြည့်မယ်ဆိုရင် အခြေခံအားဖြင့် 

 

၁) အခမဲ့

ဒါကတော့ ဒီဇိုင်နာတော်တော်များများ ဒီဇိုင်နာရယ်လို့ဖြစ်လာတဲ့ အချိန်မှာ အသိတွေ အမျိုးတွေ အတွက် ရေးဆွဲပေးတဲ့အခါမှာ ယူတတ်ကြတဲ့ပုံစံပါ။ ကျွန်တော်အနေနဲ့ကတော့ ဒီပုံစံကို လုံးဝမကြိုက်ပါဘူး။ ကျွန်တော်မကြိုက်ရတဲ့ အကြောင်းကတော့ ကျွန်တော်အနေနဲ့ ဒီဇိုင်နာလုပ်ဖို့ရွေးချယ်တယ်ဆိုတာ သာမန်လုပ်မဲ့လုပ်ငန်းတစ်ခုဆိုတာထက် တစ်သက်လုံးလုပ်မဲ့ အသက်မွေးဝမ်းကြောင်းတစ်ခုကိုရွေးချယ်ခဲ့တာပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကို တန်ဖိုးမထားရင် ဘယ်သူမှ ကိုယ့်ကိုတန်ဖိုးထားမှာမဟုတ်ပါဘူး။ ၃သောင်းနဲ့အမြဲ ဈေးလျော့ရောင်းနေတဲ့ ဖိနပ်တစ်ရံကို ဘယ်သူမှ ၆သောင်းပေးပြီးဝယ်မှာမဟုတ် သလို အလကားရဖူးတဲ့ အရာတစ်ခုကို နောက်တစ်ကြိမ်မှာ ဘယ်သူမှ သင့်တော်တဲ့ ဈေးနှုန်းတစ်ခုကို ပေးမှာမဟုတ်ပါဘူး။ ဒီအချိန်မှာတွေ့တတ်တဲ့ အခြေနေကတော့ ကိုယ်ကလည်း ပထမဆုံး စလုပ်တာဖြစ်တဲ့ အတွက် ကိုယ်ကို ပိုက်ဆံပေးပြီး အပ်မဲ့သူဆိုတာရှာဖို့က အခက်ခဲဖြစ်တတ်ပါတယ်။ အဲ့လိုမျိုးအခြေနေဖြစ်နေပြီး ကိုယ်ကိုတိုင်ကလည်း ကူညီချင်တယ်ဆိုရင်တော့ ပိုက်ဆံမဟုတ်ဘဲ အခြားအရာတစ်ခုခုနဲ့ တန်ဖိုးကို သတ်မှတ်ပါ။ ဥပမာ ကိုယ်ရဲ့ ဒီဇိုင်းကို ဝေဖန်ပေးခိုင်းတာမျိုး၊ ကိုယ့်အကြောင်းကို သူ့ပတ်ဝန်းကျင်မှာ ပြန်ပြီး မျှဝေခိုင်းတာမျိုး၊ Facebook လို လူမှုကွန်ရက်မှာ ပြန်လည်မျှဝေစေတာမျိုးတစ်ခုခုဖြင့် တန်ဖိုးကိုသတ်မှတ်နိုင်ပါတယ်။ အဲ့လို လုပ်ချင်းအားဖြင့် ပထမအချက်အနေနဲ့  ကျွန်တော်တို့အနေနဲ ကူညီချင်လို့ ကူညီတာသာဖြစ်ပြီး ဒီအလုပ်ဟာ ကျွန်တော်တို့ရဲ့ အသက်မွေးဝမ်းကြောင်းဖြစ်သလို ဒီဇိုင်းတစ်ခုကို အခမဲ့ဆွဲပေးတာမျိုးမလုပ်ဖူးဆိုတာကို သိစေပါတယ်။ ဒါ့အပြင် ပြန်လည်မျှဝေမှုကြောင့် အဲ့အလုပ်နဲ့ ဆက်စပ်တဲ့ပတ်ဝန်းကျင်တွေဆီက အလုပ်တွေရနိုင်သလို ကိုယ်ရဲ့ ကွန်ရက်လည်း ပိုမိုကျယ်ဝန်းလာစေနိုင်ပါတယ်။

 

၂) Pro Bono (သို့) လူထုအကျိုးပြု ၀န်ဆောင်မှုပေးခြင်း

Pro bono ဆိုတဲ့ စကားလုံးကတော့ လက်တင်စကားဖြစ်ပြီး အဓိပ္ပာယ်ကတော့ လူထုအကျိုးပြု ၀န်ဆောင်မှုပေးတာဘဲဖြစ်ပါတယ်။ ဒီနေရာမှာ သာမန်လုပ်အားပေးတာနဲ့ မတူတဲ့ အချက်ကတော့ Pro bono ဆိုတာက သက်ဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုခုကိုအသုံးပြုပြီး လူထုအကျိုးပြုတာဘဲဖြစ်ပါတယ်။ ကျွန်တော်တို့ဒီဇိုင်နာတွေအတွက်ကတော့ ပထမပြောခဲ့တဲ့ အခမဲ့ အလုပ်မျိုးထက် ဒီလိုအလုပ်မျိုးကို ပိုပြီး အားပေးပါတယ်။ ဒီလိုအလုပ်မျိုး ကို အလုပ်မရခင်မှာ Portfolio ထဲမှာထည့်ဖို့ အတွက်လည်း လုပ်နိုင်သလို ကိုယ့်ရဲ့ Network တည်ဆောက်ဖို့အတွက်လည်း လုပ်ဆောင်နိုင်ပါတယ်။ ဒီလိုမျိုးကျွန်တော်တို့ နိုင်ငံမှာ လုပ်ချင်တယ်ဆိုရင်တော့ ငွေကြေးမတတ်နိုင်တဲ့ လူမှုရေးအသင်းအဖွဲ့တွေ၊ ရပ်ရေးရွာရေးအဖွဲ့တွေနဲ့ NGO လိုအဖွဲ့တွေအတွက် ကူညီလုပ်ကိုင်ပေးရင်း အတွေ့အကြုံလည်းရသလို ကိုယ့်ပတ်ဝန်းကျင်ကိုကူညီရာလည်းရောက်ပါတယ်။ ဒါပေမဲ့ ဒီအချက်မှာလည်း ကူညီတယ်ဆိုပေမဲ့ တန်ဖိုးတစ်ခုအနေနဲ့ကတော့ ကိုယ့်ဒီဇိုင်းတွေကို ဝေဖန်ပေးတာမျိုး၊ ကိုယ့်အကြောင်းကို မျှဝေပေးတာမျိုးကို တောင်းဆိုသင့်ပါတယ်။

 

၃) ဈေးကွက်ပေါက်ဈေး

ဒီအဆင့်မှာတော့ ဒီဇိုင်နာအနေနဲ့ဆို အတော်အသင့် အတွေ့အကြုံ ရှိလာပြီး သင့်တော်ရာ ဈေးနှုန်းတစ်ခုကို စတင်ယူဖို့ စဉ်းစားကြတဲ့ အချိန်ပါ။ ဒီနေရာမှာတော့ ဒီဇိုင်နာတွေအနေနဲ့ ဘာလုပ်လဲဆိုရင်တော့ သူနဲ့ နီးစပ်ရာ ပတ်ဝန်းကျန်ထဲက သူနဲ့ ကျွမ်းကျင်မှုအနေထား တူမယ်ထင်တဲ့သူတွေ ယူကြတဲ့ နှုန်းထားတစ်ခုကို စတင်စုံးစမ်းပါတယ်။ ဥပမာ မောင်မောင်က ၈ သောင်းယူပြီး အောင်အောင်က ၁သိန်း ၂သောင်းယူမယ်ဆို သူ့အနေနဲ့  ၁သိန်းကို ကြားချလိုက်ပါမယ်။ ဒီလိုပုံစံမျိုးကတော့ စတင်လုပ်တဲ့လူတွေအတွက် အဆင်ပြေမဲ့လည်း စဉ်းစားစရာအချို့အချက်ရှိပါတယ်။ အဲ့ဒါကတော့ ဒီလိုပုံစံမျိုးကို ရွှေးချယ်ပြီး အလုပ်အပ်တဲ့ သူအများစုက ဈေးသက်သာချင်တဲ့ သူတွေများတာကြောင့် ဒီဖြစ်ရပ်မှာဆိုရင် အားလုံးကသာ အရည်အချင်းတူမယ်ဆို ၈ သောင်းဘဲယူတဲ့ မောင်မောင် ကိုဘဲ ရွှေးပြီးအပ်တဲ့သူများမှာပါ။ ဒါကြောင့် စတင်တဲ့သူတွေ ဖြတ်ကျော်ရမဲ့ အဆင့်ဖြစ်ပေမဲ့လည်း ဒီလိုအခြေနေမျိုးကို ဖြတ်ကျော်နိုင်ဖို့ဆို ကိုယ့်အနေနဲ့ ဈေးနှုန်းသက်သက်သာသာ မယူနိုင်ရင် အရည်ချင်းမှာတော့ သူများထက် သာတဲ့ အချက်တွေရှိဖို့လိုပါတယ်။

နောက်အချက်ကတော့ ဒီအဆင့်က ငွေကြေးစတင်ယူပြီးလုပ်ဆောင်တဲ့အချက်ဖြစ်တာကြောင့် သတိပြုသင့်တဲ့အချက်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ဘယ်အလုပ်ကိုမဆို အလုပ်စလက်ခံတဲ့အချိန်မှာ အနည်းဆုံး ၅၀% မရရင်မလုပ်ပါနဲ့။ ဒီအချက်က ကိုယ့်ကိုလည်း ဒီဇိုင်နာတစ်ယောက်အနေနဲ့ လေးစားမှုရှိစေသလို အလုပ်အပ်သူအနေနဲ့ လည်း ငွေကြေးစိုက်ထုတ်ထားရတာဖြစ်တာကြောင့်  အချိန်ဆွဲတာမျိုး သိပ်မရှိတော့ဘဲ လုပ်ငန်းလုပ်ရာမှာ ပိုမိုပူးပေါင်းဆောင်ရွက်ပါတယ်။ နောက်ထပ် မှတ်ထားသင့်တဲ့ အချက်ကတော့ အလုပ်စကားပြောတဲ့ အချိန်မှာ ပိုက်ဆံဘယ်လောက်တောင်းမယ် ဒီအလုပ်ကိုရပြီဆိုတဲ့ တွက်ချက်မှုမျိုးထက် အလုပ်ရရမရရ သူ့မှာဘာပြဿနာရှိတယ် ကိုယ့်အနေနဲ့ ဘယ်လိုမျိုးကူညီနိုင်မလဲဆိုတဲ့ စိတ်မျိုးနဲ့သာပြောပါ။ ကိုယ်မလုပ်နိုင်ဘူးထင်တယ်ဆိုလည်း လုပ်နိုင်မယ်ထင်တယ်လူမျိုးကိုလမ်ညွှန်ပေးပါ။ ဒီအချက်ကကိုယ့်ကိုယ်ကို လည်း လေးစားစေသလို ကျွမ်းကျင်သူ Pro တစ်ယောက် ပုံစံပေါ်လွင်စေပြီး ရှေ့ဆက်လျှောက်မဲ့ လမ်းကြောင်းအတွက် လည်း အခြေခံဖြစ်ပါတယ်။

 

၎) ကုန်ကျစရိတ်ထည့်သွင်းသည့် နှုန်းထား

ဒီနှုန်းထားအမျိုးအစားကတော့ ဒီဇိုင်နာအနေနဲ့ နဲ့ ဆို ကျွမ်းကျင်အဆင့်ကို ရောက်လာတဲ့ အခါမျိုးမှ ယူတတ်တဲ့ပုံစံ အမျိုးအစားဖြစ်သလို အေဂျင်စီတော်တော်များများလည်း ယူတတ်တဲ့ပုံစံမျိုးပါ။ ဒီအမျိုးအစားမှာယူတဲ့ ပုံစံကတော့ ( ဈေးကွက်ပေါက်ဈေး + ဒီဇိုင်းရေးဆွဲရမှာကုန်ကျစရိတ် ( မီတာခ၊ စက်ဖိုး၊ အေဂျင်စီဖြစ်ပါက ၀န်ထမ်းစရိတ် စသည်ဖြင့်) + အမြတ်ငွေ %) ဖြစ်ပါတယ်။ အများအားဖြင့်တော့ အမြတ်ငွေကို ၁၅% ကနေ ၅၀% လောက်ထိယူကြပါတယ်။ ဒီပုံစံနှုန်းထားကတော့ ကျွမ်းကျင်အဆင့်မှာ ယူတတ်တဲ့ပုံစံဖြစ်ပြီး ဈေးနှုန်းလည်း ပိုမိုရလာပါတယ်။ ဒါပေမဲ့လည်း သူ့မှာလည်း အားနည်းချက်ရှိပါတယ်။ အဲ့ဒါကတော့ ပုံမှန်အလုပ်အပ်သူတွေအတွက် အနည်းငယ်မြင့်မားတဲ့ ဈေးနှုန်းဖြစ်တဲ့အတွက် ဈေးကွက်ပိုကျဉ်းလာပါတယ်။ နောက်အချက်ကတော့ ဈေးနှုန်းဘယ်လောက်ကုန်ကုန် ထိရောက်ဖို့ကအဓိက ဆိုတဲ့ လုပ်ငန်းမျိုးအတွက်လည်း ကိုယ့်ရဲ့ လုပ်ငန်းကို ချဉ်းကပ်ပုံက အဆင့်သင့်မဖြစ်တာမျိုး အံ့မ၀င်တာမျိုး ဖြစ်တတ်ပါတယ်။ ကျွမ်းကျင်သူအများအပြားကို ဒီအဆင့်မှာ အတွေ့များပြီး နောက်အဆင့်ကို တတ်သွားတဲ့ သူကတော့ အနည်းငယ်သာ တွေ့နိုင်ပါတယ်။ ဒီအဆင့်မှာဖြစ်တတ်တဲ့ အခြေနေကတော့ သာမန်ရှင်သန်နေရင်း အကျပ်တည်းတွေ့မှ ကြိုးစားမလား၊ ရှင်သန်ဖို့အတွက် အရင် စွန့်စားမလားဆိုတာပါ။ ဘာလို့လဲဆိုတော့ ဒီအဆင့်က ငွေကြေးအရလည်း ပြေလည်လာတဲ့ အဆင့်ဖြစ်တဲ့အတွက် အဲ့ဒါနဲ့ဘဲ ရောင့်ရဲနေပြီး အချိန်ကြာလာတဲ့အချိန်မှာ ကိုယ့်အရည်အချင်းက ဈေးကွက်နဲ့ မကိုက်ညီတော့မှ ထပ်ကြိုးစားရင်းနဲ့ ဒီနားမှာဘဲ တစ်ဝဲလည်လည် ဖြစ်တတ်တဲ့ အဆင့်မို့ပါ။

 

၅) အခွင့်အလမ်း လဲလှယ်သည့် နှုန်းထား

ဒီနှုန်းထားကတော့ လူသိများပြီး အောင်မြင်နေတဲ့ ဒီဇိုင်နာတွေ ယူတတ်တဲ့ပုံစံမျိုးပါ။ ဒီအမျိုးအစားကတော့ ဒီဇိုင်နာတွေ အနေနဲ့ အလုပ်အပ်သူတွေက ပြည့်နေပြီး ဘယ်သူကို အရင်လုပ်ပေးရလဲမသိတဲ့အခြေနေမျိုးမှာယူတတ်တဲ့ ပုံစံမျိုးပါ။ အဲ့တော့ဈေးနှုန်းကို ဘယ်လိုသတ်မှတ်လည်းဆိုတော့ သူပေးလိုက်ရတဲ့ အချိန်ရဲ့ တန်ဖိုးပေါ်မှာမူတည်ပြီးယူပါတယ်။ ဥပမာ ဒီအလုပ်ကိုလုပ်ဖို့အတွက် သူ့ရဲ့ စာဖတ်ချိန်၊ ရုပ်ရှင်ကြည့်ချိန်၊ မိသားစုအချိန်တွေကို ဖဲ့ပေးလိုက်ရတဲ့အတွက် အဲ့ဒါနဲ့ သင့်တော်မယ်ထင်တဲ့ တန်ဖိုးကို ပြန်ယူတာပါ။ လွယ်လွယ်ပြောရမယ်ဆိုရင်တော့ ပါးစပ်ဈေးပါဘဲ။ တစ်ခါတစ်လေမှာ ဈေးကွက်ပေါက်ဈေးရဲ့  ၃ဆ ၄ဆ လည်းဖြစ်နေတတ်ပါတယ်။ ဒီနှုန်းထားပုံစံကတော့ ဒီဇိုင်းရေးဆွဲသူအနေနဲ့ လည်း သူ့အခွင့်အလမ်းတွေကို လဲလှယ်ပြီး ယူတဲ့နှုန်းထားဖြစ်သလို အလုပ်အပ်သူအနေနဲ့ကလည်း သူပေးရတဲ့တန်ဖိုးကတန်ရဲ့လားလို့ စဉ်းစားတတ်တဲ့ပုံစံမျိုးပါ။ ပုံမှန်အားဖြင့်တော့ ဒီလိုနှုန်းထားမျိုးကို သတ်မှတ်ဖို့ဆို ကျွန်တော်တို့အနေနဲ့ နယ်ပယ်တစ်ခုခုမှာ သူများနဲ့ လုံးဝကိုမတူဘဲ သာလွန်တဲ့ အရည်အချင်းမျိုးရှိသင့်ပါတယ်။ ဒီအဆင့်မှာတော့ ဒီဇိုင်နာအနေနဲ့  ကိုယ့်စိတ်ကြိုက်ဖန်တီးနိုင်မှု ပိုမိုရလာသလို ငွေကြေးအရလည်း အောင်မြင်မှုတစ်ခုကိုရလာတဲ့အဆင့်ပါဘဲ။ ဒါပေမဲ့လည်း ဒီအဆင့်မှာ ဒီဇိုင်နာအနေနဲ့ ယူတဲ့ နှုန်းထားဟာ သူ့ရဲ့ ဖန်တီးမှုစွမ်းအားပေါ်မှာဘဲမူတည်ပြီး အလုပ်အပ်သူအတွက် ဘယ်လောက်ထိ ထိရောက်မယ်ဆိုတာကို လုပ်ခဲ့ဖူးတဲ့ အတွေ့ကြုံအရသာ ပြောနိုင်ပြီး လုပ်ငန်းခန့်ခွဲပုံပေါ် မူတည်ပြီး တစ်ခါတစ်လေမှာ အထပ်ထပ်အခါခါပြင်ရတာမျိုးတွေရှိတတ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုမျိုးနှုန်းထားမျိုး ပေးတယ်ဆိုထဲက အလုပ်အပ်သူရဲ့  လွှမ်းမိုးမှုနဲ့ အမြင်တွေကလည်း နောက်ဆုံးအဆုံးဖြတ်မှာပါနေတတ်တဲ့ အတွက်ပါ။ အဲ့အတွက် ကောင်းမွန်တဲ့ Project Management မျိုးမရှိဘူးဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ဖိအားအနည်းငယ်ရှိတဲ့ အဆင့်မျိုးပါ။

 

၆) ဖန်တီးသည့် တန်ဖိုးပေါ်မှာမူတည်သည့် နှုန်းထား

ဒါကတော့ ဒီဇိုင်နာတွေအနေနဲ့  သက်ဆိုင်ရာနယ်ပယ်မှာ အနည်းဆုံး ဆယ်စုနှစ်တစ်ခုနီးပါး အတွေ့အကြုံရှိလာပြီး ဒီဇိုင်းတစ်ခုရဲ့ အတိမ်အနက်ကို သိလာတဲ့အခြေနေမျိုးမှာယူတဲ့နှုန်းထားပါ။ ဒီနှုန်းထားကတော့ ဒီဇိုင်နာတွေအနေနဲ့ သူတို့ ဆွဲလိုက်တဲ့ ဒီဇိုင်းတစ်ခုက ဖန်တီးပေးလိုက်တဲ့ တန်ဖိုးတစ်ခုပေါ်မှာ မူတည်ပြီး ယူတဲ့နှုန်းထားပါ။ ဥပမာအနေနဲ့ Logo ဒီဇိုင်းတစ်ခု ကို ဒေါ်လာ ၁သိန်းယူတယ်တို့ ဘာတို့ ဆိုတဲ့ ပုံစံမျိုးပါ။ ဒီအဆင့်ရောက်လာတဲ့ဒီဇိုင်နာတွေအနေနဲ့ကတော့ ဘယ်ဒီဇိုင်းဆွဲဆွဲ ထိရောက်အောင်မြင်တဲ့အဆင့်မျိုးပါ။ ဘာလို့လဲဆိုတော့ သူတို့ အနေနဲ့ ဒီဇိုင်းတစ်ခုကို ဘယ်လို ထိရောက်အောင်ဆွဲရမလဲဆိုတဲ့ Process လို့ခေါ်တဲ့ လုပ်ကိုင်ပုံအဆင့်ဆင့်ကို ကျွမ်းကျင်သွားတဲ့အဆင့်ပါဘဲ။ ဒီအချက်ကတော့ ကျွမ်းကျင်အဆင့်နဲ့  စတင်လုပ်ကိုင်သူတွေရဲ့ အဆင့်ကို ခွဲပြပေးတဲ့အချက်ပါ။ ဒီဇိုင်းစဆွဲတဲ့သူတော်တော်များများက လှအောင်ဘယ်လိုမျိုးဆွဲမယ်ဆိုတဲ့ End Result လို့ခေါ်တဲ့ နောက်ဆုံအခြေနေကိုသာ ရည်ရွယ်ပြီးဆွဲပေမဲ့ Proတွေမှာတော့ ဘယ်လိုမျိုးအချက်တွေကို တစ်ဆင့်ချင်းလုပ်ရမလဲဆိုတဲ့ Process ကိုအဓိကထားပြီးဆွဲပါတယ်။ ဒါကြောင့် စဆွဲတဲ့သူတွေအတွက် တစ်ခါတစ်လေမှာ အရမ်းကောင်းတဲ့ ဒီဇိုင်းရလာပေမဲ့ အဲ့လိုမျိုးနောက်တစ်ကြိမ်ရဖိုဆိုတာမလွယ်ပေမဲ့ Pro တွေကတော့ လုပ်ကိုင်ပုံ Process ကိုသိပြီးဖြစ်လို့ ဘယ်အချိန်ထဆွဲဆွဲ ဒီအရည်သွေးဘဲထွက်ပါတယ်။ ဥပမာဆိုရင်တော့ ကျွန်တော်တို့ဆီက IC တီးဝိုင်းလိုဘဲ ဘာသီးချင်းထွက်ထွက်ပေါက်နေပေမဲ့ တစ်ချို့အဆိုတော်တွေကတော့ တစ်ပုဒ်ကောင်းသာပေါက်ပြီး အရည်အသွေးက တစ်သတ်မှတ်တည်းမရှိတာမျိုးပါ။ ဒီနေရာမှာ နားလည်လွယ်အောင် ဆယ်စုနှစ်ဆိုတဲ့ အချိန်ကာလကို ပြောပေမဲ့လည်း အဲ့အချိန်အတွင်းမှာ ကြိုးစားအားထုတ်မှုမရှိရင်တော့ ဒီလိုမျိုးနှုန်းထားကို တောင်းနိုင်တဲ့ အခြေနေမရောက်လာနိုင်ပါဘူး။ ဒီလိုအဆင့်မျိုးကို မြန်မြန် ရောက်ဖို့ဆိုရင်တော့ ကိုယ်ကိုယ်တိုင်လည်းကြိုးစားရမှာဖြစ်သလို၊ Mentor လို့ခေါ်တဲ့ လမ်းညွှန်ပေးနိုင်တဲ့ လူတစ်ယောက်ယောက်ကို ဆည်းပူးပြီး၊ End Result ထက် Process ကို အဓိကထားပြီး လေ့လာမယ်ဆိုရင်တော့ ထင်ထားတာထက်မြန်မြန်ရောက်နိုင်မှာပါ။

 

ဒါတွေကတော့ ကျွန်တော့်ရဲ့  ဆယ်စုနှစ်တစ်ခုစာ ဒီဇိုင်းလောကမှာ ဖြတ်သန်းရင်းတွေ့ကြုံခဲ့တဲ့ အတွေ့ အကြုံအချို့ဘဲဖြစ်ပြီး မတူညီတဲ့ အမြင်အချို့ ရှိခဲ့မယ်ဆိုလည်း လွတ်လပ်စွာ ပါဝင်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။

အကယ်၍ ဒီဆောင်းပါးက အသုံးဝင်တယ်လို့ထင်တယ်ဆိုရင်တော့ ပြန်လည်ဝေမျှပေးဖို တောင်းဆိုချင်ပြီး အဲလိုလုပ်ပေးချင်းအားဖြင့် ကျွန်တော်တို့ ပတ်ဝန်းကျင်ကို ကူညီရာရောက်သလို ကျွန်တော့်ကိုလည်း ဒီလိုမျိုးဆောင်းပါးတွေ ထပ်မံရေးသားဖို့ ခွန်အားဖြစ်စေပါတယ်။

အာလုံး ပျော်ရွှင်ပြီး မင်္ဂလာရှိတဲ့ နေ့ရက်ကို ပိုင်ဆိုင်နိုင်ကြပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *

Post comment